ရန်ကုန် ၂၃ ဇွန်
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသူများအား Royal Myanmar Tea Mix မှ ငွေကျပ် သိန်းသုံးဆယ်နှင့် အသင့်ဖျော်သောက် Tea Mix ထုပ်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသန ဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက အမှာစကား ပြောကြားပြီး အလှူရှင် Royal Myanmar Tea Mix မှ တာဝန်ရှိသူက လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။
ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းထံ Royal Myanmar Tea Mix မှ တာဝန်ရှိသူက အသင့်ဖျော်သောက် Tea Mix ထုတ်များ နှင့် ငွေကျပ် သိန်းသုံးဆယ်ကို ပေးအပ်လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်သည်။
ယနေ့ လှူဒါန်းပွဲတွင် Royal Myanmar Tea Mix မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန National COVID-19 Call Centre နှင့် Molecular Laboratory Team တို့တွင် တာဝန်ထမ်းဆောင်နေသူများအား ဂုဏ်ပြုသောအားဖြင့် ငွေကျပ် (သိန်းသုံးဆယ်) နှင့် ငွေကျပ် သုံးဆယ်သုံးသိန်း တစ်သောင်းငါးထောင် တန်ဖိုးရှိ အသင့်ဖျော်သောက် Royal Myanmar Tea Mix ထုတ်များနှင့် တစ်နေ့တာ အကျွေးအမွေးစရိတ်တို့ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းနှင့်ဓာတ်ပုံ/မင်းသစ်(MNA)


