နေပြည်တော် ၅ မတ်
ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ (၅၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို မတ် ၂ ရက်တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက တိုင်းရင်းသား ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်သည့်၊ တိုင်းရင်းသားပြည်သူလူထုက အားကိုး ယုံကြည်သည့် ချစ်ခင်သူတွေဖြစ်အောင် ကြိုးစားအားထုတ်ရန်၊ မပြည့်စုံသေးသည့် နေရာဒေသမှာရှိသည့် တိုင်းရင်းသားပြည်သူများအား မိမိဆွေမျိုးသားချင်းကဲသို့ ကျန်းမာရေး ပြုစုစောင့်ရှောက်ပေးခြင်းသည် ငြိမ်းချမ်းရေးကို တည်ဆောက်ပေးခြင်းဖြစ်ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပရဟိတနှင့် အတ္တဟိတကို ယှဉ်ပြီးကြည့်ရန် အရေးကြီးပါကြောင်း၊ အဆင့်မြင့်ပညာ ကဏ္ဍာတွင် သုတေသန ဖွံ့ဖြိုးရေးသည် ပဓာနကျပါကြောင်း၊ နိုင်ငံတော်အနေဖြင့် သုတေသန ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာငွေ တိုးမြှင့်သုံးစွဲလျက်ရှိပါကြောင်း။
ထို့ပြင် တိုးတက်ပြောင်းလဲနေသည့် ဆေးပညာများကို စဉ်ဆက်မပြတ် လေ့လာလိုက်စားနိုင်ရန်အတွက် တွေးခေါ်မျှော်မြင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးသည့် Outcome Based Integrated Curriculum ကို ဆေးတက္ကသိုလ်များတွင် ပြောင်းလဲသင်ကြားနိုင်ရေးကို ပြင်ဆင်ဆောင်ရွက်နေပါကြောင်းနှင့် ဘွဲ့လွန်သင်ကြားမှုအနေဖြင့် Competency Based Postgraduate Training ကို သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြားမည် ဖြစ်ပါကြောင်း။
ထို့နောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဆေးပညာဘွဲ့ရမောင်မယ် (၆၂၆)ဦး၊ ဘွဲ့လွန်ဒီပလိုမာ (၄၆)ဦး၊ ဆေးပညာမဟာသိပ္ပံ (၃၃၆)ဦး၊ ပါရဂူဘွဲ့(၆)ဦးနှင့် ဆေးပညာ လက်တွေ့ပါရဂူဘွဲ့ (၇၀)ဦး စုစုပေါင်း (၁၀၈၄)ဦးတို့ကို အသီးသီးသက်ဆိုင်ရာဘွဲ့များ အပ်နှင်းခဲ့ကြောင်း သိရသည်။
မောင်လူမော်