ရန်ကုန် မတ် ၂၂

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ် (၁)၊ရန်ကုန်၏ (၅၈) ကြိမ်မြောက်နှင့် (၅၉) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင်လည်းကောင်း၊ အကြိမ် (၆၀) မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို မွန်းလွှဲ ၁ နာရီတွင် လည်းကောင်း ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ 
 ဦးစွာ ဆေးတက္ကသိုလ် (၁) ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေနှင့် ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များက ဘွဲ့နှင်းသဘင်စင်မြင့်ပေါ်တွင် နေရာယူကြသည်။
ထို့နောက် ဘွဲ့ရကျောင်းသား/ သူများက အဓိဋ္ဌာန်ပြုကတိသစ္စာရွတ်ဆိုကြပြီး ဘာသာရပ် အသီးသီးတွင် ပါရဂူဘွဲ့၊ ဆေးပညာမဟာသိပ္ပံဘွဲ့၊ ဒီပလိုမာဘွဲ့များနှင့် ဆေးပညာဘွဲ့များအတွက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့ကကြေညာခြင်း ခံရသူများအား ဆေးတက္ကသိုလ် (၁)၊ရန်ကုန် ပါမောက္ခချုပ်၊ ဒေါက်တာကျော်ရွှေက ဘွဲ့များအပ်နှင်းပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။
ယနေ့ကျင်းပသည့် ဆေးတက္ကသိုလ် (၁) ဘွဲ့နှင်းသဘင်အခမ်းအနားများ၌ (၅၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် ဆေးလက်တွေ့ပါရဂူဘွဲ့ (၇၅) ဦး၊ ပါရဂူဘွဲ့ (၉) ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ (၁၅၃) ဦး၊ ဒီပလိုမာ (၂၀) ဦးနှင့် ဆေးပညာဘွဲ့ (၆၀) ဉီး တို့ကိုလည်းကောင်း၊ (၅၉) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဆေးလက်တွေ့ပါရဂူဘွဲ့ (၂၅) ဦး၊ ပါရဂူဘွဲ့ (၂) ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ (၂၀) ဦး၊ ဒီပလိုမာ (၉) ဦးနှင့် ဆေးပညာဘွဲ့ (၁၁၅) ဦး တို့ကိုလည်းကောင်း၊ အကြိမ် (၆၀) မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဆေးလက်တွေ့ပါရဂူဘွဲ့ (၁၈) ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ (၆၁) ဦး၊ ဒီပလိုမာ (၁၁) ဦးနှင့် ဆေးပညာဘွဲ့ (၁၇၈) ဦး တို့ကိုလည်းကောင်း ဘွဲ့များအပ်နှင်းချီးမြှင့်ခဲ့သည်။ 
ယခုဘွဲ့နှင်းသဘင်အပါအဝင် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်မှမွေးထုတ်ပေးခဲ့သည့် ဆရာဝန်ပေါင်း (၁၈၁၄၄) ဦး ရှိခဲ့ပြီး ဆေးလက်တွေ့ပါရဂူဘွဲ့ (၆၆၄) ဦး၊ ပါရဂူဘွဲ့ (၁၃၀) ဦး၊ ဆေးပညာမဟာသိပ္ပံ (၄၂၇၅) ဦးနှင့် ဒီပလိုမာ (၁၈၂၄) ဦးတို့ အောင်မြင်စွာ လေ့ကျင့်ပျိုးထောင်မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်