ဆေးတက္ကသိုလ်များတွင် စတင်ပြောင်းလဲသင်ကြားတော့မည့် ဘွဲ့ကြိုသင်ရိုညွှန်းတမ်းအသစ်အကြောင်း

mdn

ပါမောက္ခဒေါက်တာခင်မာမြင့်

ဒုတိယပါမောက္ခချုပ် (သင်ကြား)

ဆေးတက္ကသိုလ်(၁) (ရန်ကုန်)

 

မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များ၏ ဘွဲ့ကြိုသင်ရိုး ညွှန်းတမ်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစ၍ သင်ရိုး ညွှန်းတမ်းအသစ်ဖြင့် စတင်ပြောင်းလဲသင်ကြားတော့မည် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံ၏ ဆေးပညာသင်ကြားရေး (Medical Education)သည် ဗြိတိသျှကိုလိုနီခေတ် ၁၉၀၇ ခုနှစ်မှစ၍ ဆေးကုသရေးလိုင်စင်ရသင်တန်း (Licentiate of Medical Practice: LMP) အဖြစ် ယခင်ရန်ကုန်ဆေးရုံကြီးနေရာ တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းကာလ လေးနှစ် ဖြစ်ပါသည်။ ၁၉၂၃ ခုနှစ်မှစတင်၍ ခြောက်နှစ်တာ ဆေးပညာဘွဲ့သင်တန်း (MBBS) အဖြစ် တိုးမြှင့်သင်ကြား ခဲ့ရာ ၁၉၃၇ ခုနှစ်တွင် မြန်မာနိုင်ငံဆေးတက္ကသိုလ်မှ ပေးအပ်သော MBBS ဘွဲ့သင်တန်းကို ဗြိတိသျှဆေးကောင်စီ (General Medical Council of Great Britain) အသိအမှတ်ပြုခဲ့ပြီး ကမ္ဘာ့အဆင့်အတန်းမီ ဆေးပညာရှင် များကို မွေးထုတ်နေခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ကျော် ကြာမြင့်ခဲ့သော ဆေးပညာသင်ကြားရေးသမိုင်း ဖြစ်ပါသည်။

 

နိုင်ငံတော်အစိုးရအဆက်ဆက် ဆေးတက္ကသိုလ်များ၏ အမည်နာမကို Government medical School Medical College Institute of Medicines University of Medicine စသည်ဖြင့် ပြောင်းလဲခဲ့ပါသည်။ ဆေးပညာ သင်ကြားရေးညီလာခံများကို ကျန်းမာရေးဝန်ကြီးဌာနမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး ဆေးပညာသင်ရိုး ညွှန်းတမ်းများကို ခေတ်နှင့်အညီဖြစ်ရန် ပြုပြင် ပြောင်းလဲမှုများရှိခဲ့ပါသည်။ သို့သော် ရှေးယခင်မှစ၍ ကျင့်သုံးသော ဘာသာရပ်အခြေပြုသင်ကြားခြင်းပုံစံ (Discipline Based Curriculum Model) အတွင်း၌သာ သင်ကြားသည့်အကြောင်းအရာ၊ သင်ကြားပုံနည်းစနစ်နှင့် စမ်းစစ်ခြင်း  (Content Teaching Methodsı Assessment) များကို ဘာသာရပ်တစ်ခုစီအတွင်း၌သာပြောင်းလဲခဲ့ခြင်းဖြစ်ခဲ့ပါသည်။

 

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသော ဒသမအကြိမ် ဆေးပညာသင်ကြားရေးညီလာခံမှ ကမ္ဘာ တစ်ဝန်း တိုးတက်ပြောင်းလဲနေသော ဆေးပညာရပ် သင်ကြားရေး၊ ကျန်းမာရေးစောင့်ရှောက်မှု နည်းပညာ များနှင့် လိုက်လျောညီထွေရန်အတွက် မြန်မာနိုင်ငံ၏ ဆေးတက္ကသိုလ်သင်ရိုးများကို ဘာသာရပ်အခြေပြု သင်ရိုးမှ မျှော်မှန်းရလဒ်အခြေပြုသော ဘာသာရပ်များ အချင်းချင်း ချိတ်ဆက်သင်ကြားသည့်သင်ရိုး (Outcome Based Integrated Curriculum) clype:com သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။

 

၎င်းသင်ရိုးညွှန်းတမ်း ရေးဆွဲအကောင်အထည်ဖော် နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနရှိ ဆေးတက္ကသိုလ်အားလုံးမှ ပါမောက္ခချုပ်များနှင့် ဝါရင့် ပါမောက္ခကြီးများပါဝင်၍ ဆေးပညာသင်ကြားရေးတွင် အတွေ့အကြုံများစွာရှိသော ပါမောက္ခချုပ်(ငြိမ်း)၊ ဂုဏ်ထူး ဆောင်ပါမောက္ခ၊ ပါမောက္ခဒေါက်တာ အေးမောင်ဟန် ဦးဆောင်သော "Outcome Based Integrated Curriculum” ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်းပေးခဲ့ပါသည်။ အဆိုပါကော်မတီဖွဲ့စည်းပြီးချိန်မှစ၍ သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်းဆိုင်ရာ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲ များ၊ နိုင်ငံတကာမှ ဆေးပညာသင်ကြားရေး၊ ကျွမ်းကျင် ပညာရှင်များဦးဆောင်သော သင်တန်းများ စသည်တို့ကို စုစုပေါင်း အကြိမ် ၇၀ ကျော် ပြုလုပ်ခဲ့ပါသည်။ နိုင်ငံခြား တက္ကသိုလ်များ (UK USAI Singaporei Korea Japanı Hong Kong) တို့သို့လည်း လေ့လာရေးအဖွဲ့များကို စေလွှတ်ခဲ့ပါသည်။ သင်ရိုးညွှန်းတမ်း အသေးစိတ်ရေးဆွဲခြင်း (Curriculum Blue Print) ကို အမေရိကန်နိုင်ငံ Johns Hopkins University School of Medicine တွင် သင်ရိုး ပြောင်းလဲခြင်းကို ဦးဆောင်ခဲ့သော အဖွဲ့ဝင်တစ်ဦး Gowa Professor Catherine D Angelis အား ကျွမ်းကျင်ပညာရှင်အဖြစ် အကြံဉာဏ်ပေး၊ လမ်းညွှန်မှုပြုလုပ်နိုင်ရန် ငှားရမ်းခဲ့ပါသည်။ မြန်မာပြည်၏ အခြေအနေ နှင့်ကိုက်ညီသော သင်ရိုးအား မြန်မာ့ဆေးတက္ကသိုလ်များ၏ ဘာသာရပ်ပေါင်းစုံမှ ဆရာ ဆရာမများပါဝင်သော အဖွဲ့များကို အတန်းလိုက်၊ မော်ဂျူး (Module) အလိုက် ဖွဲ့စည်းကာ ရေးဆွဲခဲ့ခြင်းဖြစ်ပါ သည်။

 

သင်ရိုးသစ်၏ ဝိသေသထူးခြားချက်များ

 

ခေတ်သမိုင်းတစ်လျှောက် လူ့ဘောင်အဖွဲ့ အစည်းများသည် ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြပါသည်။ ပြုပြင် ပြောင်းလဲမှုတိုင်းသည် အခြေအနေ အချိန်အခါနှင့် သမိုင်း၏ လိုအပ်ချက်အရပြုပြင်ပြောင်းလဲခဲ့ကြခြင်းသာ ဖြစ်ပါသည်။ မြန်မာပြည် ဆေးပညာသင်ကြားရေး၏သင်ရိုးကို ပြောင်းလဲ ခြင်းသည်လည်း ထိုနည်းတူပင် ဖြစ်ပါသည်။ ယခင်သင်ရိုးဟောင်းတွင် ကောင်းသည့်အချက်များစွာ ရှိပါသည်။ ထိုသင်ရိုးဖြင့် သင်ကြား တတ်မြောက်ခဲ့သော မြန်မာပြည်မှ ဆရာဝန်များလည်း ကမ္ဘာအရပ်ရပ် နိုင်ငံတကာတွင် ရပ်တည်နိုင်ကြ၊ အောင်မြင်နေကြသည်ပင် ဖြစ်ပါသည်။ သို့သော် ၂၁ ရာစုခေတ်၏ တိုးတက်ပြောင်းလဲလာသော ပညာရပ်ဆိုင်ရာနည်းပညာ၊ သင်ကြားသင်ယူမှုဆိုင်ရာ နည်းစနစ်များအပြင် ကမ္ဘာနှင့်တစ်ဝန်း ပြောင်းလဲကျင့်သုံး လာသည့် သတင်းအချက်အလက် ဖြန့်ဝေမှုနည်းပညာများကြောင့် မြန်မာ့ဆေးပညာသင်ကြားရေးသည်လည်း လိုက်လျောညီထွေပြောင်းလဲရခြင်း ဖြစ်ပါသည်။

 

ဆေးပညာသည် လူနာကိုအခြေပြု၍ လူနာခံစားရသော ရောဂါဝေဒနာအား ကုသပေးခြင်းဖြစ်သောကြောင့် ဘာသာရပ်တစ်ခုချင်း (ဥပမာ-ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ ရောဂါ ဗေဒ၊ ဆေးဝါးဗေဒ)ကို အစမှအဆုံး တစ်ဘာသာချင်း သီးခြားသင်ကြားခြင်းထက် ပိုမို၍ထိရောက်သော ဘာသာရပ် အချင်းချင်း ပူးပေါင်းချိတ်ဆက်ပြီး လူ့ခန္ဓာကိုယ်၏ ပုံမှန် ဇီဝကမ္မဖြစ်စဉ်များအကြောင်း၊ ၎င်းပုံမှန်အခြေအနေမှ ရောဂါဝေဒနာပေါ်ပေါက်လာရသော ရောဂါဗေဒဖြစ်စဉ်များအကြောင်း၊ ၎င်းဝေဒနာပေါ်ပေါက်ရခြင်း အကြောင်းတရားကို ပြန်လည်တည့်မတ် ကုသပေးသော ဆေးဝါးကုထုံးများ၏ အကြောင်းတို့ကို ဆက်စပ်ပူးပေါင်း၍ လူနာ (သို့မဟုတ်)ရောဂါကို အခြေပြုပြီး သင်ကြားသည့် သင်ရိုးညွှန်းတမ်း ( အသစ်ဖြစ်ပါသည်။ ဆေးတက္ကသိုလ်များမှ ပညာဆည်းပူးပြီး အောင်မြင်သွားသော ဘွဲ့ရဆရာဝန်တစ်ယောက်တွင် ရှိသင့်ရှိအပ်သော ဆေးပညာရပ်ဆိုင်ရာ ဗဟုသုတ (Knowledge)၊ ဆေးကုသခြင်းဆိုင်ရာ အတတ်ပညာ ကျွမ်းကျင်မှု(Skills) နှင့် သမားကောင်းတစ်ယောက်၏ ကျင့်ဝတ်သီလနှင့် စိတ်ဓာတ်ခံယူမှု (Attitude) ဟူသော ဒေါက်တိုင်ကြီးသုံးခုကိုအခြေခံပြီး ဆေးပညာဘွဲ့ရ ကျောင်းသားတစ်ယောက် မဖြစ်မနေတတ်ကျွမ်းသွားရမည့် အသေးစိတ်အချက်အလက်များကို မိမိတို့တက္ကသိုလ် များ၏ ဆေးပညာသင်ရိုးညွှန်းတမ်း၏ မျှော်မှန်းချက် (Expected Outcomes) အဖြစ် ရေးဆွဲကြပြီးနောက် ၎င်းရလဒ်များရရှိနိုင်ရန် နှစ်အလိုက် တစ်ဆင့်ပြီးတစ်ဆင့် သင်ကြားတတ်မြောက်ရမည့် မျှော်မှန်းချက်အဆင့်ဆင့် (Level Outcomes) ကို ပြဌာန်းပြီးမှ အသေးစိတ်သင်ကြားမည့် အကြောင်းအရာ၊ သင်ကြားမည့်နည်းစနစ်များကို ရေးဆွဲကြခြင်းဖြစ်ပါသည်။ စာမေးပွဲစမ်းစစ်ခြင်းများ သည်လည်း စဉ်ဆက်မပြတ်အကဲခတ်၍ ဆန်းစစ်အမှတ် ပေးခြင်း (Continuous Assessment) နှင့် နှစ်ကုန် အတန်းတင်စာမေးပွဲစစ်ခြင်းတို့အား အကျိုးတူပေါင်းစပ်၍ စစ်ဆေးသွားမည် ဖြစ်ပါသည်။

 

ယခုသင်ရိုးညွှန်းတမ်းအသစ်သည် ဆရာအခြေပြု သင်ကြားခြင်းစနစ်မှ ကျောင်းသားအခြေပြု သင်ကြားခြင်း စနစ်ဖြစ်ပါသည်။ ကျောင်းသားများက မိမိသိရှိ တတ်မြောက်ရမည့် အကြောင်းအရာများကို ကိုယ်တိုင် ရှာဖွေလေ့လာရမည်ဖြစ်ပြီး ဆရာသည် သင်ကြားခြင်းတာဝန်တစ်ခုတည်းမဟုတ်ဘဲ ကျောင်းသားများ၏ စာတွေ့သင်ယူမှုများအား လက်တွေ့နှင့်ဆက်စပ်တွေးခေါ် နားလည်နိုင်ရန်၊ လက်တွေ့တွင် ချင့်ချိန်ဆုံးဖြတ်နိုင်ရန်၊ ဆွေးနွေးတိုင်ပင်ပြီး လမ်းညွှန်တည့်မတ်ရသော တာဝန် လည်း လုပ်ကိုင်ရမည်ဖြစ်ပါသည်။ ။

 

သင်ရိုးသစ်၏သင်ကြားပုံနည်းစနစ်

 

သင်ရိုးသစ်၏ သင်ကြားပုံနည်းစနစ်များတွင် အုပ်စုငယ်ဖြင့် သင်ကြားခြင်း (Small Group Teaching)၊ အဖွဲ့လိုက်သင်ကြားခြင်း (Team Based Learning)၊ ပုံစံတူပြုသင်ကြားခြင်း (Simulation Teaching) များကို ယခင်ကထက် ပိုမိုထည့်သွင်းထားပါသည်။ ၎င်းသင်ကြားမှု၏ အချိန်တိုင်းအတွက် ကျောင်းသား ကျောင်းသူများက ကြိုတင်လေ့လာထားရမည့် အကြောင်းအရာများကို ဆရာ ဆရာမက ပေးအပ်သောညွှန်ကြား ချက်အတိုင်း ကိုယ်တိုင် ရှာဖွေလေ့လာရမည်များလည်းရှိပါသည်။ အဖွဲ့လိုက်ဆွေးနွေး ခြင်းများတွင်လည်း ပြဿနာ ရောဂါအခြေပြု တွေးခေါ် စဉ်းစားခြင်း (Problem Solving, Case Based Learning) များနှင့် အုပ်စုအလိုက် တင်ပြဆွေးနွေးခြင်းများပါရှိပြီး မေးခွန်းတို့ဖြေကြားခြင်းများလည်း ပြုလုပ်ရမည်ဖြစ်ပါ သည်။ သို့ဖြစ်ပါ၍ ကျောင်းမှန်မှန်မတက်ဘဲ ကျူရှင် ဆရာ ဆရာမ (သို့မဟုတ်) Guide ဖြင့် သင်ယူပြီး ဒါကျက်၊ ဒါဖြေ အချိန်တန်စာမေးပွဲအောင်မည့် နည်းစနစ်မဟုတ်တော့ပါ။ “ကျောင်းမှန်မှန်တက်၊ စာမခက်” ဟူသော ဆိုရိုးစကား နှင့်အညီ ပုံမှန်ကျောင်းတက်ရပြီး ပေးအပ်သော အတန်းတွင်း လုပ်ရပ်များနှင့် စဉ်ဆက်မပြတ် အကဲဖြတ်စမ်းစစ်ခြင်း (Continuous Assessment) များကို ဖြေဆိုနိုင်မှသာ စာမေးပွဲအောင်မြင်နိုင်သော သင်ရိုးအသစ်ဖြစ်ပါသည်။

 

သင်ရိုးသစ်ဖြင့် သင်ကြားသင်ယူကြမည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ တာဝန်

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်မည့် ဆေးတက္ကသိုလ်များ၏ ပထမနှစ်သင်တန်းကို တက်ရောက်ကြ မည့် ကျောင်းသား ကျောင်းသူများ အနေဖြင့် ဆေးပညာကို နှစ်သက်၊ စိတ်ဝင်စားပြီး မိမိ ကိုယ်တိုင်ပညာကို လိုချင်သောစိတ်ဖြင့် လေ့လာသင်ယူတတ်သော (Adult Learning) ကျောင်းသား ကျောင်းသူ များဖြစ်ရန် ရည်ရွယ်ပါသည်။ အခြေခံပညာအထက်တန်းတွင် အမှတ်အများဆုံးရရှိခဲ့ကြသော ကျောင်းသား ကျောင်းသူ များဖြစ်သည့်အားလျော်စွာ ဉာဏ်ရည်မြင့်မား သူများအဖြစ် တက္ကသိုလ်ပညာများကို ဆည်းပူးနိုင်ကြ မည်ဖြစ်ပါသည်။ ယခုသင်ရိုးညွှန်းတမ်းအသစ်တွင် အာဂုံဆောင်၊ အလွတ်ကျက်သည့် သင်ကြားမှုများကို |အလေးမပေးတော့ဘဲ မိမိလေ့လာထားသည့် ပညာရပ်များကို တွေးတော ဆင်ခြင်၊ သုံးသပ်ပြီး လက်တွေ့ သဘောတရားများကို နားလည်သဘောပေါက်၍ မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်သူများဖြစ်အောင် လေ့ကျင့်သင်ကြားပေးမည် ဖြစ်ပါသည်။ ခြောက်နှစ်တာ သင်ရိုးတစ်လျှောက် သင်ယူလေ့လာမှုများသည် မိမိကိုယ်တိုင် ရှာဖွေလေ့လာရခြင်း (Self Directed Learning)၊ အသင်းအဖွဲ့ဖြင့် သင်ယူလေ့လာရခြင်း (Team Based Learning)၊ ဆေးရုံများတွင် လူနာနှင့်သင်ယူလေ့လာခြင်း (Hospital Based Learning) အပြင် လူထုဘဝအတွင်း သင်ယူလေ့လာခြင်း (Community Based Training) များ ပါရှိမည်ဖြစ်ပါသည်။ ဆေးပညာနှင့်ဆိုင်သော ဘာသာရပ်များအပြင် ကိုယ်ရည်ကိုယ်သွေးနှင့် ပညာရှင်ဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးအတွက် သင်ကြားမှုအစီအစဉ်များ (Personal and Professional Development Program) နှင့် အမူအကျင့်ဆိုင်ရာ သိပ္ပံပညာ (Behavior and Social  science)၊ ပြည်သူ့နီတိ၊ လူ့ကျင့်ဝတ်၊ သမားကျင့်ဝတ်၊ ခေါင်းဆောင်မှုပညာ စသည်တို့ကိုလည်း နှစ်အလိုက် ထည့်သွင်းသင်ကြားသွားမည် ဖြစ်ပါသည်။ သင်ရိုး တစ်လျှောက် စဉ်ဆက်မပြတ်အကဲဖြတ်မှု (Continuous  Assessment) များစွာ ထည့်သွင်းထားသည်ဖြစ်သော ကြောင့် မိမိကိုယ်ကို ပြင်ဆင်ထားရမည် ဖြစ်ပါသည်။

 

သမားကောင်းတစ်ယောက် ဖြစ်မြောက်ရန် ကျောင်းသား၊ မိဘ၊ ဆရာနှင့် နိုင်ငံတော် စသော ဘက်ပေါင်းစုံမှ ရင်းနှီးမြှုပ်နှံမှုကြီးစွာ စိုက်ထုတ်ကာ သင်ကြားသင်ယူရသော ပညာရပ်ဖြစ်ပါသောကြောင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများ အသီးသီးတွင် တာဝန်ယူကြမည့် စွမ်းရည်ပြည့်ဝ၊ နှလုံးလှသော ဆရာဝန်များ ဖြစ်ပေါ်လာရေးအတွက်ပြုပြင်ပြောင်းလဲ ရေးဆွဲထားသော ဆေးတက္ကသိုလ်များ၏ ဘွဲ့ကြိုသင်ရိုး ညွှန်းတမ်း  "Outcome Based Integrated Curriculum" အကြောင်း မိတ်ဆက်တင်ပြလိုက်ရပါသည်။ ။