မန္တလေး ၃၁ ဒီဇင်ဘာ

 

ဆေးတက္ကသိုလ်(မန္တလေး) ကျောင်းသားကျောင်းသူဟောင်းများအသင်း၏ ၂၀၂၀ပြည့်နှစ် Homecoming Day အခမ်းအနား ကျင်းပရေး ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၃၀ ရက်မွန်းလွဲ ၁ နာရီက ဆေးတက္ကသိုလ်(မန္တလေး)ရှိ အသင်းရုံးခန်းတွင် ကျင်းပရာ အသင်းဥက္ကဋ္ဌ ဆေးတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ပါမောက္ခ ဒေါက်တာခင်မောင်လွင်နှင့် အသင်းအလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ကျော်နှင့် အမှုဆောင်များ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် အသင်းဥက္ကဋ္ဌ ပါမောက္ခချုပ်ပါမောက္ခ ဒေါက်တာခင်မောင်လွင်က အဖွင့်အမှာစကား ပြောကြားပြီး အသင်းအလုပ်အမှုဆောင်များက Homecoming Day ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၅ ရက် နံနက် ၉ နာရီတွင် ဆေးတက္ကသိုလ်(မန္တလေး) အောင်ပင်လယ်ခန်းမတွင် ကျင်းပရေး၊ အထိမ်းအမှတ်အဖြစ် သုခရိပ်မြုံ(မန္တလေး) လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာရှိ ကလေးသူငယ်များအား နေ့လယ်စာကျွေးမွေးခြင်းနှင့် အလှူငွေပေးအပ်ခြင်းများ ပြုလုပ်ပြီး ညနေ ၆ နာရီတွင် ဆေးတက္ကသိုလ် ကျောင်းသားကျောင်းသူဟောင်းများ မိတ်ဆုံပွဲကို ဆေးတက္ကသိုလ်(မန္တလေး) ပင်မဆောင်ရှေ့တွင် ကျင်းပရေး ဆွေးနွေးကြသည်။ အနယ်နယ်အရပ်ရပ်ရှိ ဆေးတက္ကသိုလ်(မန္တလေး) ကျောင်းသားကျောင်းသူဟောင်းများ ပါဝင်ဆင်နွဲရန် ဖိတ်ခေါ်ထားသည်။

 

သီဟကိုကို(မန္တလေး)