ရန်ကုန် မတ် ၁၁
ဆေးဝါးသိပ္ပံဘွဲရ (၁၅၂)ဦး၊ ဆေးဝါးမဟာ သိပ္ပံဘွဲ့ရ(၂၁)ဦးနှင့် ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (၅)ဦးတို့ကို သက်ဆိုင်ရာဘွဲ့များ ချီးမြှင့်အပ်နှင်းနိုင်ခဲ့ကြောင်း ယနေ့ကျင်းပသည့် ဆေးဝါးတက္ကသိုလ်(ရန်ကုန်)၏ ဘွဲ့နှင်းသဘင်အခမ်းအနားမှ သိရသည်။
ဆေးဝါးတက္ကသိုလ်(ရန်ကုန်)၏ (၂၃)ကြိမ်မြောက်၊ (၂၄)ကြိမ်မြောက်နှင့် (၂၅)ကြိမ်မြောက် ဘွဲ့နှင်း သဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ဦးစွာ ဆေးဝါးတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ လတ်လတ်ဝင်းနှင့် ပညာရေး အဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များက သက်ဆိုင်ရာ ဝတ်ရုံများ ဝတ်ဆင်လျက်ဘွဲ့နှင်းသဘင် စင်မြင့်ပေါ်တွင် နေရာယူကြသည်။
ထို့နောက် ဘွဲ့ရ ကျောင်းသား၊ ကျောင်သူများသည် အဓိဋ္ဌာန်ပြု ကတိသစ္စာရွတ်ဆိုကြပြီး ဆေးဝါး တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်က ဆေးဝါးသိပ္ပံပါရဂူဘွဲ့၊ ဆေးဝါးမဟာသိပ္ပံဘွဲ့၊ ဆေးဝါးသိပ္ပံဘွဲ့ ရရှိကြသူ ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ ဘွဲ့လက်မှတ်များအပ်နှင်းပေးကာ ဂုဏ်ပြု အမှာစကား ပြောကြားသည်။
ဆေးဝါးတက္ကသိုလ်(ရန်ကုန်)မှ ဆေးဝါးသိပ္ပံဘွဲ့ရ (၂၇၆၅) ဦး၊ ဆေးဝါးမဟာသိပ္ပံဘွဲ့ရ (၁၄၁)ဦးနှင့် ဆေးဝါးသိပ္ပံပါရဂူဘွဲ့ရ (၁၈)ဦးကို သင်ကြားမွေးထုတ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)