ရေးသားသူ Yun Sandi Nan Mon


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဆီးသွားလိုက်တဲ့အခါ ဆီးအရောင်က ပုံမှန်နဲ့မတူဘဲ နောက်ကျိနေတာသတိထားမိတယ်ဆိုရင် အကြောင်းရင်းတစ်ခုခုရှိနိုင်ပါတယ်။ ဘာကြောင့်ဖြစ်နိုင်လဲဆိုတာ ဆရာဝန်ပြပြီးဆီးစစ်ကြည့်မှ အတိအကျသိနိုင်မှာပါ။ ဒါပေမယ့် ဘာတွေကြောင့်ဖြစ်နိုင်လဲဆိုတာ ကိုယ်တိုင်လည်း ဗဟုသုတအဖြစ် လက္ခဏာလေးတွေနဲ့တွဲပြီး သိထားတာကောင်းပါတယ်။


ဘာတွေကြောင့် ဖြစ်နိုင်မလဲ


(၁) ဆီးလမ်းကြောင်းပိုးဝင်ခြင်း


ဆီးအိမ်၊ ကျောက်ကပ်၊ ဆီးပြွန်တို့ကို ဘက်တီးရီးယားဝင်ရောက်တဲ့အခါ ဆီးလမ်းကြောင်းပိုးဝင်ခြင်းလက္ခဏာတွေကို ခံစားရတတ်ပါတယ်။ ဆီးသွားတဲ့အခါ အရောင်နောက်ကျိနေတဲ့အပြင် ဒီလက္ခဏာတွေပါ ခံစားရနိုင်ပါတယ် –


-    ဆီးသွားရင် ပူတယ်၊ နာကျင်တယ်


-    ပုံမှန်ထက် ဆီးခဏခဏသွားတယ်


-    ဆီးတစ်စက်တစ်စက် ထွက်နေတယ်


-    ဆီးက အနံ့ဆိုးတယ် ဒါမှမဟုတ် သွေးပါတယ်


ရောဂါပိုးကိုနှိမ်နင်းဖို့ ဆရာဝန်က လိုအပ်တဲ့ပဋိဇီဝဆေးတွေပေးပါလိမ့်မယ်။ ညွှန်ကြားတဲ့အတိုင်း ဆေးမှန်မှန်သောက်ပါ။ တကယ်လို့ –


-    အဖျားတက်လာရင်


-    ချမ်းတုန်လာရင်


-    ဗိုက်အောက်ပိုင်း အောင့်လာရင်


-    မအီမသာဖြစ် ပျို့အန်လာရင် ဆရာဝန်ပြပါ။


(၂) ရေဓာတ်ခန်းခြောက်ခြင်း


ရေသောက်နည်းရင်လည်း ဆီးကိုပျစ်စေပြီး အရောင်နောက်ကျိနေနိုင်ပါတယ်။ အရောင်တောင်ပိုရင့်နိုင်ပါသေးတယ်။ ဒီလိုဖြစ်ရင် ရေပိုသောက်ပေးပါ။ တကယ်လို့ –


-    ခေါင်းမူးတယ်


-    အာရုံရှုပ်ထွေးလာတယ်


-    နှလုံးခုန်မြန်လာတယ်


-    အသက်ရှူရခက်လာတယ် ဆိုရင် ဆရာဝန်အမြန်ပြပါ။


(၃) ကျောက်ကပ်ကျောက်တည်ခြင်း


ကျောက်ကပ်အတွင်း ကျောက်တည်တဲ့အခါ ကျောက်အရွယ်အစားကြီးလာရင် ဆီးအိမ်ထဲ ရောက်ရှိကျန်ရစ်နိုင်ပြီး ဆီးလမ်းကြောင်းမှာလည်း ရှိနေနိုင်တယ်။ ဒီလိုဖြစ်ရင် ဆီးသွားတဲ့အခါ နာကျင်မယ်၊ ခါးအောက်ပိုင်းနဲ့ ဘေးခြမ်းမှာ အောင့်မယ်။ ဆီးအရောင်နောက်ကျိနေမယ်၊ သွေးပါလာနိုင်တယ်။ ဆီးက အနံ့ဆိုးမယ်၊ အနီရောင်၊ ပန်းရောင် သို့မဟုတ် အညိုရောင် ဖြစ်လာမယ်။ တကယ်လို့ –


-    ခါးအောက်ပိုင်းနဲ့ ဘေးခြမ်းမှာ အောင့်တာပိုပြင်းထန်လာရင်


-    မအီမသာဖြစ်ပြီး ပျို့အန်ရင်


-    ဆီးပဲ တရစပ်သွားနေရင်


-    ဆီးသွားတိုင်း ပူနေရင် အမြန်ကုသမှုခံယူသင့်ပါတယ်။


(၄) လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါ (STI)


STI ရောဂါတွေကြောင့်ဖြစ်လာတဲ့ လိင်တံနဲ့ မိန်းမကိုယ်တို့ကနေထွက်တဲ့ အရည်၊ အချွဲတွေကြောင့် ဆီးကိုအရောင်နောက်ကျိစေပါတယ်။ သူတို့ရဲ့လက္ခဏာတွေက –


-    လိင်တံ သို့မဟုတ် မိန်းမကိုယ်ကနေ အစိမ်းရောင်၊ အဝါရောင်၊ သွေးပါတဲ့ အရည်အချွဲတွေဆင်းတာ


-    ဆီးသွားချိန် သို့မဟုတ် လိင်ဆက်ဆံချိန်မှာ ပူတာ၊ နာတာ


-    လိင်တံ သို့မဟုတ် မိန်းမကိုယ်တဝိုက် ယားယံတာတို့ ဖြစ်တတ်ပါတယ်။
ဒီရောဂါလက္ခဏာတွေရှိရင် ဆရာဝန်ပြပြီး ကုသမှုခံယူပါ။


(၅) ဆီးကျိတ်ပြဿနာ


ဆီးကျိတ်ကိုရောင်ရမ်းစေတဲ့ ဘယ်ပြဿနာမဆို ဆီးသွားခြင်းကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ သွေး ဒါမှမဟုတ် စွန့်ပစ်ပစ္စည်းတွေက ဆီးကျန်တွေထဲမှာစုနေပြီး ဆီးအရောင်ကိုနောက်ကျိစေပါတယ်။ ဒါ့အပြင် –


-    ဆီးသွားတဲ့အခါ ပူတာ၊ နာကျင်တာ


-    ဆီးသွားကာစမှာ တစ်စက်တစ်စက်ပဲထွက်တာ


-    မကြာခဏဆီးသွားရတာ


-    ဆီးမှာ သွေးပါတာ


-    သုက်လွှတ်တဲ့အခါ နာကျင်တာ


-    အဖျားတက်တာ တွေခံစားရနိုင်တယ်။


ဆီးကလည်း အရောင်နောက်ကျိနေတယ်၊ ဒီထဲကလက္ခဏာတွေနဲ့ တူနေတယ်ဆိုရင် ဆရာဝန်ပြပါ။ ရောဂါစောစောသိရလေ ကုသပျောက်ကင်းမှုမြန်ဆန်လေ ဆိုတာ သတိရပါ။


Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”