နေပြည်တော်   နိုဝင်ဘာ   ၁၆

 

တနင်္သာရီတိုင်းဒေသကြီး၏ ဆီအုန်းစိုက် ဧက လေးသိန်းကို အပြည့်အဝ ဆီသီးခိုင်ထွက်ရှိရန် အပင်အိုများနေရာတွင် အထွက်နှုန်းမြင့်မားသော မျိုးကောင်းမျိုးသန့်များ ပြန်လည် အစားထိုး စိုက်ပျိုးရေးနှင့် အခြေအနေပေးသည့် နေရာဒေသများတွင် တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းများကို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက နိုဝင်ဘာ ၁၅ ရက်တွင် တနင်္သာရီတိုင်း ဒေသကြီးရှိ ဆီအုန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

 

တနင်္သာရီတိုင်းဒေသကြီး၌ ဆီအုန်းစိုက်ဧက လေးသိန်းကျော် ရှိပြီး သက်တမ်းကျော်လွန်သော ဆီအုန်းစိုက် ဧရိယာများ တိုးပွားလျက်ရှိရာ လက်ရှိတွင် ဧက ၁၅၀၀၀၀ ကျော်သာ ဆီသီးခိုင်ထွက်ရှိနေမှုကြောင့် ဆီထွက်နှုန်းမြင့်မားသည့် ပျိုးပင်များနှင့် လဲလှယ်စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အားပေးလျက်ရှိကြောင်း၊ အရွယ်ရောက်ပြီး ဆီအုန်းစိုက်ခင်း တစ်ဧကလျှင် ပျမ်းမျှဆီသီးခိုင် လေးတန်ခန့်ရရှိပြီး ဆီသီးခိုင် တစ်တန်မှ ဆီကြမ်း သုည ဒသမ ၂၂ တန် ထွက်ရှိသဖြင့် စိုက်ဧက လေးသိန်းအပြည့် သီးခိုင်ထုတ်ယူနိုင်ပါက ဆီကြမ်းတန်ချိန် ၃၅၀၀၀၀ ကျော် ထုတ်လုပ်နိုင် မည်ဖြစ်၍ ပြည်တွင်း စားအုန်းဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘုတ်ပြင်းမြို့နယ် တောင်ဒဂုံ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်းနှင့် ဆီကြမ်းစက်ရုံကို လည်းကောင်း၊ ကော့သောင်းခရိုင် ကရသူရိမြို့ရှိ ပိုကောင်း ကုမ္ပဏီ၏ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်းကိုလည်းကောင်း၊ ယုဇနကုမ္ပဏီ၏ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်းနှင့် ဆီကြမ်းစက်ရုံကို လည်းကောင်း ကြည့်ရှုကြပြီး ယုဇနကုမ္ပဏီ၏ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်း ရှင်းလင်းဆောင်တွင် တနင်္သာရီတိုင်းဒေသကြီးရှိ ဆီအုန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆီအုန်းစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြရာ ဆီအုန်းလုပ်ငန်းရှင်များက ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် လိုအပ်ချက်များကို တင်ပြကြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆီအုန်းလုပ်ငန်းရှင်များ၏ ထုတ်လုပ်မှုနည်းပညာနှင့် ရင်းနှီးမြုပ်နှံမှု ကြီးမားလာစေရန် လက်ရှိလုပ်ကိုင်ဆောင်ရွက်နေမှုများကို ခေတ်စနစ်နှင့် အညီ ပြုပြင် ပြောင်းလဲ ရန် လိုကြောင်း၊ လုပ်ကွက်ငယ်တောင်သူများကို အားပေးပူးပေါင်းဆောင်ရွက် ခြင်းဖြင့် တစ်ဦးတစ်ယောက်မျှ မကျန်စေဘဲ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော လုပ်ငန်းများ ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း၊ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု တစုတစည်းတည်းရှိနေသည့် တနင်္သာရီတိုင်း ဒေသကြီးတွင် ဆီအုန်းနှင့်သက်ဆိုင်သည့် အသင်းအဖွဲ့အဖြစ် တည်ထောင်သွားရန်နှင့် ဆီအုန်းစိုက်ပျိုးရေးသာမက ဆီကြမ်းနှင့် ဆီချောစက်ရုံများ တည်ထောင်ခြင်း လုပ်ငန်းများတွင် ပူးပေါင်း အကောင်အထည် ဖော်နိုင်ရေး ကြိုးပမ်းသင့်ပါကြောင်း၊ ထွက်ကုန်များ ဈေးကွက်ဝင်ဆံ့နိုင်မှု သည် ထုတ်လုပ်မှု အရည်အသွေးနှင့် အစားအစာဘေးကင်းလုံခြုံမှု အပေါ်တွင်သာမက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဆောင်ရွက်မှုများ အပေါ်တွင်ပါ တည်မှီနေသည်ကို ဂရုပြုကြစေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဗိုလ်မှူးကြီးသိန်းလင်းနှင့် ဦးမောင်ကြီး တို့က စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ ဒေသဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်ချက်များနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က မြေယာအသုံးပြုမှုတွင် အမှန်တကယ် အသုံးချမှုမရှိပဲ မြေကို လက်ဦးရယူခြင်းများ ကင်းရှင်းရေးဆောင်ရွက်နေမှု၊ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ရန်လိုအပ်ပါက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ဥပဒေနှင့်အညီ မြေယာအသုံးပြုခွင့်များ ဆောင်ရွက်ပေးနေမှု၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် သတ်မှတ်ခွင့်ပြုချက်များနှင့် အညီ အတည်တကျ သီးနှံများ စိုက်ပျိုးပြီးစီးသည့် အချိန်တွင် လယ်ယာမြေများအဖြစ် ပြောင်းလဲရေး စသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အသုံးပြုခွင့်ဆိုင်ရာ စည်းကမ်း ဥပဒေများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်