ရေတာရှည် ၂၉ ဇွန်
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ရေနီမြို့အနီး ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယနေ့ နံနက် ၅ နာရီ ၁၀ မိနစ်ခန့်က ဆီဘောက်ဆာယာဉ်မှ ၂၂ ဘီးယာဉ်အား အရှိန်လွန်ဝင်တိုက်မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး(လမ်းဟောင်း)အတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသော ဒီဇယ်များတင်ဆောင်လာသည့် ဆီဘောက်ဆာယာဉ် 2R/----- သည် မိုင်တိုင် ၂၀၁/၁ နှင့် ၂ အကြားအရောက်တွင် မျက်နှာချင်းဆိုင်ဘက်မှ မောင်းနှင်လာသော FUSO အမျိုးအစား ၂၂ ဘီးယာဉ်၏ ဝဲဘက်ခြမ်းကို ဝင်တိုက်မိခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ သဖြင့် ဆီဘောက်ဆာယာဉ်မှ ဆီလှောင်ကန်ပေါက်ကွဲကာ ဒီဇယ်ဆီများလွင့်စင်မှုကြောင့် ကားလမ်းအနောက်ဘက်ရှိ ဈေးဆိုင်နှစ်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကိုပါ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်နှစ်စီးတိုက်မှုကြောင့် ၎င်းယာဉ်နှစ်စီးအပါအဝင် ဈေးဆိုင်ခန်းနှစ်ခန်း၊ လက်ဖက်ရည်ဆိုင် တစ်ဆိုင် မီးလောင်ကျွမ်းခဲ့ပြီး ယာဉ်မောင်းနှင်သူနှစ်ဦး သေဆုံးခဲ့ကာ ဖြစ်စဉ်နှင့်ပတ်သက်၍ ရေနီနယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဆု(ပြန်/ဆက်)
ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန


