ဆီဆိုင် ၃ အောက်တိုဘာ
ကိုဗစ်-၁၉ ကာလအတွင်း သံဃာတော်များ ဆွမ်းကိစ္စ အခက်အခဲမရှိစေရေးနှင့် စိတ်အေးချမ်းသာစွာ သာသနာပြုနိုင်ရေးတို့အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ စေတနာရှင်ပြည်သူများ စုပေါင်းပြီး မြကန်သာရပ်ကွက်အတွင်းရှိ ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ ဇ၀နာရာမ ပရိယတ္တိ စာသင်ကျောင်းတိုက်ကြီးသို့ ဆန် (၄၈၃) အိတ်နှင့် ဆီ၊ ဆားများ ဆက်ကပ် လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်က အဆိုပါစာသင်ကျောင်းတိုက်ကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွက် နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဇဝနာရာမ ပရိယတ္တိ စာသင်ကျောင်းတိုက်ဆရာတော် ဦးကောဝိဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် သံဃာတော်အရှင်သူမြတ်များက မေတ္တာပရိတ်တရားတော်များကို မြွက်ကြားချီးမြှင့်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
အဆိုပါ ဇ၀နာရာမ ပရိယတ္တိစာသင်ကျောင်းတိုက်ကြီးတွင် ရဟန်း၊ သံဃာတော် (၄၆၅) ပါးခန့် သတင်းသုံး နေထိုင်လျက်ရှိကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)