ဆီဆိုင် ဇွန် ၅

 

သမဝါယမနှင့် ‌ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်  ကျေးလက်နေပြည်သူများကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေး ဖွံ့ဖြိုးရေးစီမံချက်လုပ်ငန်းများ အကောင်အထည်ဖော်နိုင်စေရန်နှင့် မြို့နယ်အဆင့် ဦးစီးဌာနအသီးသီး၏ ဖွံ့ဖြိုးရေးအစီအစဉ်များတွင် ချိတ်ဆက်နိုင်စေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ကို ကျေးရွာ(၂၀)တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာ(၂၀)တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေများဖြင့် ကျေးရွာတွင်း လမ်း၊ တံတား၊ ရေပေးရေး၊ မီးလင်းရေး၊ ဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်း စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုအခါ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများကို ကျေးရွာရွေးချယ်ရေး စံသတ်မှတ်ချက်များနှင့်အညီ မြို့နယ်အဆင့် သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် စိစစ်ရွေးချယ်ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကျေးရွာရွေးချယ်ရေး စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကျေးရွာများမှာ ပင်ငို၊ စလောင်းထောင်၊ ဟော်တောင်၊ ဘုရားဖြူ၊ မြေနီ၊ ကောင်းမှုဗွာ​၊ မန်းဦး၊ ထီလျော့၊ ပြင်သာယာ၊ ထီလုံးဟီ၊ ထမ့်ဆိုင်း၊ နောင်ခုံး၊ နောင်လွယ်၊ ဖက်နံ၊ ကုန်းကျောင်း၊ တန့်ဆန်း၊ လွယ်မွန်း၊ ဟိုတင့်၊ ထမ့်ယမ်း (ပင်ရင်း)နှင့် နားဆီးဆောက်ကျေးရွာများတွင် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေ ကျပ်(၁၀)သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေများဖြင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင်ထံမှ သိရသည်။

 

ချိုသန်းညွန့် (ကျေးလက်)