ဆီဆိုင် မေ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှု၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေ ထောက်ပံ့မှုဖြင့် ဒေသခံပြည်သူများ ပူးပေါင်းဆောက်လုပ်သော ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ကုန်းဆွတ် ကျေးရွာအုပ်စု ကုန်းသာကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်းခွဲ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ ကျင်းပသည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်းနှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် လွယ်ပွတ်ကျေးရွာအုပ်စု ကောင်ဝါးတောင်ကျေးရွာ၌ မေ ၂၁ ရက် က မိုးကြိုးစက်ကွင်းထိမှန်၍ သေဆုံးခဲ့သည့် နွားပိုင်ရှင်များအားတွေ့ဆုံ၍ ကမ္ဘောဇ ဖောင်ဒေးရှင်းနှင့် ရှမ်းတောင်ပရဟိတ ညီနောင်များအသင်းက ထောက်ပံ့သော တစ်ကောင်လျှင် ငွေကျပ် ခုနစ်သိန်းနှုန်းဖြင့် နွားကောင်ရေ ၅၀ အတွက် စုစုပေါင်းငွေကျပ် သိန်း ၃၅၀ ကို နွား ပိုင်ရှင်များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


