ဆီဆိုင် ၂၅ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့နယ်ရှိ မဲရုံများတွင် မဲရုံမှူးနှင့် ဒုမဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများအား အောက်တိုဘာ ၂၅ ရက် နံနက် ၉ နာရီက မြို့နယ်ခန်းမဆောင်၌ သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးသိန်းဇော်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန်တို့က အမှာစကား ပြောကြားကြပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးအောင်ကျော်နိုင်က ပြည်သူ့ဆန္ဒနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး အများယုံကြည်လက်ခံသော ရွေးကောက်ပွဲများ ဖြစ်စေရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးကြီးပါကြောင်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို ဆောင်ရွက်သည့်အခါ ဉပဒေ၊ နည်းဉပဒေ၊ ညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ယနေ့သင်တန်းတွင် အဓိကအရေးကြီးသည့် မဲရုံအဖွဲ့ဝင် များ၏ တာဝန်များ၊ မဲရုံတွင် သုံးစွဲရမည့်ပုံစံများ၊ ရွေးကောက်ပွဲ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ မဲရေတွက်ခြင်းဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်များကို အပြန်အလှန်ဆွေးနွေးပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးမြောက် နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းတွင် Covid-19 ကာကွယ်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မဲရုံ အဖွဲ့၏ တာဝန်များနှင့် မဲရုံသုံးပုံစံများ ရှင်းလင်းခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်း၊ မဲရုံသရုပ်ပြဆောင်ရွက်ခြင်း စသည်များကို သင်တန်းနည်းပြ (၄)ဦးတို့က သင်ကြား ပို့ချပေးသွားမည်ဖြစ်သည်။
မဲဆန္ဒနယ်အမှတ်(၁)ရှိ မဲရုံ(၄၀)၌ တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒုမဲရုံမှူး(၉၀)ကို အောက်တိုဘာ ၂၅ ရက်နေ့တွင်လည်းကောင်း မဲဆန္ဒနယ်အမှတ်(၂)ရှိ မဲရုံ(၅၃)ရုံ၌ မဲရုံမှူးနှင့် ဒုမဲရုံမှူး(၉၆)ဦးကို အောက်တိုဘာ ၂၆ ရက်နေ့တွင်လည်းကောင်း အဖွဲ့(၂)ဖွဲ့ခွဲ၍ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် ရပ်ကွက် ၆ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၃ အုပ်စုရှိ၍ မဲရုံ ၉၃ ရုံရှိပြီး ဒုတိယအကြိမ် မဲစာရင်း ကြေညာချိန်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၀၅၀၉၉)ဦး ရှိကာ ပါတီလေးပါတီ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
ခွန်ရဲထွေး(ဆီဆိုင်)


