ဆီဆိုင် ဩဂုတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ရှိ ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဆန်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေးခြင်းကို ဩဂုတ် ၅ ရက် နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ၌ ပြုလုပ်ခဲ့သည်။
ဆီဆိုင်မြို့နယ်ရှိ ဟိုခဲရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ အောင်သပြေရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ မြကန်သာရပ်ကွက်၊ သီရိရပ်ကွက်၊ ဟော်တောင်ကျေးရွာ၊ ဟော်မြောက်ကျေးရွာ၊ ဘုရားဖြူကျေးရွာ၊ ဝါးတောကျေးရွာ၊ တခေါ့တန်ကျေးရွာနှင့် ပန်လိုင်းကျေးရွာတို့မှ ရပ်ကွက် ခြောက်ရပ်ကွက်နှင့် ကျေးရွာ ခြောက်ရွာရှိ ပြည်သူ ၁၂၅၁၉ ဦးအား တစ်ဦးကို တစ်ရက်လျှင် ဆန်နို့ဆီ နှစ်ဘူးနှုန်းဖြင့် ဇူလိုင်လအတွင်း ဒုတိယအကြိမ် ၁၅ ရက်စာအတွက် ဆန်ရိက္ခာ ၂၄ ပြည်ပါ ဆန်အိတ် ၁၉၅၆ အိတ်ကို ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သူရ(ဆီဆိုင်)


