ဆီဆိုင် ၃ ဇန်နဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ်(၁/၂၀၂၀) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ယခုသင်တန်းသည် ဆီဆိုင်မြို့နယ် အတွင်းရှိ လူငယ်၊ လူရွယ်များနှင့် ပရဟိတစိတ်ဓာတ်ရှိသော လူငယ်များအား သင်ကြားပို့ချပေးသော သင်တန်းဖြစ်ကြောင်း၊ မီးသတ်လုပ်ငန်းဆိုတာ အစုလိုက်၊ အဖွဲ့လိုက် ညီညီညွတ်ညွတ် ဆောင်ရွက်ရတဲ့လုပ်ငန်း ဖြစ်ကြောင်း၊ အချိန်ရှည် ရွေးချယ်ခွင့်မရှိဘဲ အချိန်တိုအတွင်း သက်စွန့်ဆံဖျား ဆောင်ရွက်လုပ်ကိုင်ရတဲ့ လုပ်ငန်းဖြစ်ကြောင်း၊ အရည်အချင်းကောင်းရှိသူများနဲ့ ရည်ရွယ်ချက်မွန်မြတ်သူများရဲ့ ကျောရိုးဖြစ်တဲ့ စည်းကမ်း၊ စိတ်ဓာတ်နဲ့ လေ့ကျင့်စွမ်းရည် အစဉ်ထက်မြက်အောင် လေ့ကျင့်နေရမှာဖြစ်ကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့်လည်း မိမိတို့ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း တိုက်တွန်း ပြောကြားသည်။

 

ထို့နောက် သင်တန်းသားများအား ပြည်ထဲရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သော အရန်မီးသတ် တူညီဝတ်စုံများကို တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။

 

အဆိုပါသင်တန်းကို တဘက်ကျေးရွာအုပ်စုအတွင်းရှိ အရန်လေ့ကျင့်ရေး မွမ်းမံသင်တန်းသား ၅၀ ဦး တက်ရောက်ပြီး သင်တန်းနည်းပြ ၅ ဦးဖြင့် စစ်ရေးပြပညာ၊ မီးသတ်ပညာနှင့် ရှာဖွေကယ်ဆယ်ရေးနှင့် သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေး စသည်တို့ကို သင်တန်းကာလ ၁ လအတွင်း စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)