ဆီဆိုင် ဒီဇင်ဘာ ၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက အမှာစကားပြောကြားပြီး ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင် ဦးခွန်အောင်ကျော်မြင့်တို့က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးမှူး ဒေါ်လွင်လွင်ဦးက သင်ထောက်ကူပစ္စည်းများပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများ၏ကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူသည်။
အဆိုပါ သင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုး၊ ခေါင်းလျှော်ရည်အမျိုးမျိုးနှင့် ဆပ်ပြာခဲအမျိုးမျိုးတို့ကို နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၉)ရွာမှ သင်တန်းသား၊ သင်တန်းသူ (၂၀) တို့အား ဒီဇင်ဘာ(၆)ရက်နေ့မှ ဒီဇင်ဘာ(၁၁)ရက်နေ့အထိ စာတွေ့ လက်တွေ့ အခမဲ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)