ဆီဆိုင် ၅ ဇွန်    

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ အောင်ချမ်းသာ ရပ်ကွက်၊ နယ်မြေ(၈)ရှိ ရွှေညောင်ပင်စက်သုံးဆီအရောင်းဆိုင်တွင် ဇွန် ၅ ရက် နံနက်ပိုင်းက စက်သုံးဆီသိုလှောင်ကန်အတွင်းသို့ မောင်းထည့်ရာမှ ရေစုပ်စက်အပိတ်ခေါင်းပွင့်ပြီး စက်အပူရှိန်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်တွင် ဇွန် ၅ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက်၊ နယ်မြေ(၈)၊ ရွှေညောင်ပင်စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်ဖြစ်သူ  ဦးမြင့်ဦး (၇၀)နှစ်၏ စက်သုံးဆီဆိုင်ရှိ ဂါလန်(၈၀၀)ဆံ့ သိုလှောင်ကန်မှ ဆီများအား ပေ(၄၀)ခန့်အကွာရှိ ဂါလန် (၃၂၀၀)ဆံ့ သိုလှောင်ကန်အတွင်းသို့ မောင်းထည့်ရာမှ ရေစုပ်စက်အပိတ်ခေါင်းပွင့်ပြီး စက်အပူရှိန် ကြောင့် မီးလောင်ကျွမ်းပြီး အနီးကပ်လျက် ဓါတ်ဆီပေပါအခွံ (၁၇) လုံးအား မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် အနီးရှိပြည်သူများမှ ဝိုင်းဝန်းငြိမ်းသတ်ပေးသောကြောင့် နံနက် ၈ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန်၊ စခန်းမှူး ဒုရဲမှူး သန်းဇော်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးအောင်ပြည့်စုံဦးစီး၍ မီးသတ်ယာဉ်(၃)စီးတို့ဖြင့် သွားရောက်စစ်ဆေးခဲ့ရာ အနီးဝန်းကျင်ရှိ ပြည်သူများမှ ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့သဖြင့် မီးငြိမ်းသွားကြောင်း သိရသည်။

 

အဆိုပါမီးလောင်မှုကြောင့် ဓါတ်ဆီဆိုင်အရောင်းဝန်ထမ်းဖြစ်သူ မလှရီ(ခ)မနန်းယိမ်း(၂၂)နှစ်၊ တဘက်ကျေးရွာအုပ်စု၊ ဆီဆိုင်မြို့နယ်နေသူတွင် ဝဲ/ယာ လက်မောင်း၊ လက်ခုံ၊ ခြေသလုံးနှင့် ခြေဖမိုးတို့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ စက်သုံးဆီဆိုင်ပိုင်ရှင် ဦးမြင့်ဦးအား ဆီဆိုင်မြို့မရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း ဆီဆိုင်မြို့မရဲစခန်းမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)