ဆီဆိုင် ဇူလိုင် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဒေသထွက်ရာသီပေါ် နာနတ်သီးများ စိုက်ပျိုးရောင်းချခြင်းဖြင့် နာနတ်သီးစိုက်ပျိုးကြသည့် ဘန့်ဗွေ့ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးရောင်းချရာတွင် ဆီဆိုင်-ဟိုပုံး-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးဘေးရှိ ကျောင်းချယ် ကျေးရွာတွင် ဒေသခံတောင်သူများက ယာယီဈေးဆိုင်တန်းများဖြင့် ဒေသထွက်နာနတ်သီးများအား ရောင်းချ လျက်ရှိရာ ဒေသခံပြည်သူများနှင့် ခရီးသွားဧည့်သည်များတို့က အဓိကလာရောက် ဝယ်ယူစားသုံးလျက်ရှိပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး စသည့်မြို့များကိုပါ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒေသထွက်ရာသီပေါ်နာနတ်သီးများသည် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတို့တွင် အများဆုံးထွက်ရှိ၍ ဈေးနှုန်းအားဖြင့် နာနတ်သီးတစ်လုံးလျှင် ငွေကျပ် ၆၀၀ မှ ၁၀၀၀ နှုန်းအထိရှိပြီး ပျားရည်နာနတ်သီး တစ်လုံးလျှင် ငွေကျပ် ၃၀၀၀ နှုန်းဖြင့် အလုံးအရွယ်အစားအပေါ်မူတည်၍ ရောင်းချလျက်ရှိကာ တစ်ရက်လျှင် ပုံမှန်အားဖြင့် နာနတ်သီးလုံးရေ ၂၀၀ လုံးခန့်ရောင်းချရရှိပြီး အပိုဝင်ငွေရရှိလျက်ရှိကြောင်း နာနတ်သီး စိုက်ပျိုးသည့် တောင်သူတစ်ဦးထံက သိရသည်။
နေမင်း(ဆီဆိုင်)


