ဆီဆိုင် ၁၀ သြဂုတ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းဗွီးကျေးရွာ အုပ်စု၊ ကျောင်းချယ်ကျေးရွာတွင် စိုက်ပျိုးထားသော နာနတ်သီးသည် အထွက်နှုန်းကျသော်လည်း ဈေးနှုန်း အသင့်အတင့်ရှိနေ၍ နာနတ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံနာနတ်သီး စိုက်တောင်သူများထံမှ သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်သည် စိုက်ပျိုးရေးကို အဓိကစိုက်ပျိုး လျက်ရှိရာ ပြောင်း၊ နာနတ်သီး၊ ကြက်သွန်ဖြူ၊ ဖရဲသီး၊ သခွါးမွေး၊ စသည့်ကောက်ပဲသီးနှံအမျိုးမျိူးကို စိုက်ပျိုးကြပြီး နာနတ်သီး စိုက်တောင်သူများက ဝင်ငွေအသင့်အတင့်ရရှိနေကြကြောင်း သိရသည်။
“ကျွန်မက နာနတ်သီး ၂၈ ဧက စိုက်ပါတယ် နာနတ်သီးကို ဇူလိုင်လနဲ့ သြဂုတ်လမှာ စိုက်ပျိုးပြီး မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတို့မှာ နာနတ်သီးပေါ်ချိန်ဖြစ်တယ်၊ တစ်နှစ်စိုက်ရင်း လေးသီးစားပါတယ်၊ နာနတ်သီး ပေါ်ချိန်တွင် ခြံအထိလာဝယ်ရင် ရိုးရိုးသီး ၅၀ဝ ကျပ်၊ အလတ်သီး ၂၈၀ ကျပ်၊ အသေးက ၁၅၀ ကျပ်နှင့် ပျားသီးဆို ၁၀ဝ၀ နဲ့ ၁၂၀ဝ ကြားရောင်းချပြီး တောင်ကြီး၊ ဟဲဟိုး၊ အောင်ပန်းကို သွားရောင်းတော့ ရိုးရိုးသီး ၁၀ဝ၀ ကျပ်၊ အလတ် ၅၀ဝ-၆၀ဝ ကြား၊ အသေးက ၃၀ဝ ကျပ်နှင့် ပျားသီး ၂၀ဝ၀ ကျပ်နဲ့ရောင်းရတယ် ယခင်နှစ်က အလုံးရေတစ်သိန်းကျော်ထွက်ရှိပြီး အမြတ်ငွေ သိန်းတစ်ရာကျော် ရရှိပေမယ့် ယခုနှစ်မှာ မိုးနည်းတော့ အထွက်နှုန်းကျတယ် အလုံးရေ ၇ သောင်း လောက်ပဲထွက်တော့ အမြတ်ငွေက ၈၀ ခန့်လောက်ပဲကျန်တယ် အထွက်နှုန်းကျပေမယ့် ဈေးနှုန်း အသင့်အတင့်ရနေတော့ သိပ်မဆိုးဘူး နာနတ်စိုက်တောင်သူတွေ အဆင်ပြေကြပါတယ်” ဟု နှစ်ပေါင်း ၂၁ နှစ်ကြာ နာနတ်သီးစိုက်ပျိုးလာသည့် ဘန့်ဗွီးကျေးရွာအုပ်စု၊ ကျောင်းချယ်ကျေးရွာရှိ နာနတ်သီး စိုက်တောင်သူ မွိုးဖုဲင်က ပြောသည်။
နာနတ်သီးခူးထမ်းအငှားလိုက်သူ နမ့်ဟူးကျေးရွာနေ ဦးစိုးဝင်းကလည်း “လူသုံးယောက်တော့ လိုတာပေါ့ တစ်ယောက်ကအသီးခူးပေးပြီး ၂ ယောက်က ခူးထားတဲ့အသီးကိုကောက်ထမ်းရတာပေါ့ တစ်လုံးကို ၂၀ ကျပ်ရတယ်၊ တစ်ရက်ကို အလုံးရေ ၁၅၀ဝ လုံးရပါတယ် တစ်ယောက် ၁ သောင်းနှုန်း ရတာပေါ့ ၅ ရက်တစ်ပတ်ကို ၂ ရက် ၃ ရက် လိုက်ရတယ် တစ်လကို ၁၈၀ဝ၀ဝ ခန့်ရပါတယ် ပုံမှန်လေးထမ်းရတော့ အဆင်ပြေပါတယ်”ဟုပြောသည်။
“နာနတ်သီးအစားစားရှိတယ် အငယ်သီးတစ်လုံးကို ၁၅၀-၂၀ဝ ကြားယူရတယ်၊ လက်လီပြန် ရောင်းတော့ ၃၀ဝ နဲ့ ၅၀ဝ ကြားပြန်ရောင်းရတယ်၊ အပွသီးကတော့ ၃၅၀-၄၀ဝ ကြားနဲ့ဝယ်ရတယ် ပြန်ရောင်းတော့ တစ်လုံး ၈၀ဝ ကျပ် နှစ်လုံး ၁၅၀ဝ ကျပ်နဲ့ ပြန်ရောင်းရပါတယ်၊ ပျားသီးကတော့ ၈၀ဝ နဲ့ ၁၀ဝ၀ ကြားယူရပါတယ် ကျွန်တော်လက်လီ ပြန်ရောင်းဆိုတော့ ၁၅၀ဝ နဲ့ ၂၀ဝ၀ ကြားပြန်ရောင်းရပါတယ် ဒါပေမယ့်အခြေအနေအရ ဒီကနေ့ကတော့ သိပ်မဆိုးပါဘူး တစ်ရက်ကို လေးသောင်းနဲ့ ငါးသောင်းကြား ရောင်းရပါတယ် တစ်ရက်နဲ့တစ်ရက်တော့ မတူဘူးပေါ့ တစ်ခါတစ်လေရောင်းအားကောင်းပါတယ်” ဟု ပြောသည်။
ဆီဆိုင်မြို့နယ်၊ ဘန့်ဗွီးကျေးရွာအုပ်စု၊ ကျောင်းချယ်ကျေးရွာသည် အိမ်ခြေ ၁၈၆ အိမ်ရှိပြီး နာနတ်စိုက်ဧက ၁၆၀ဝ ရှိကြောင်း ဘန့်ဗွီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးခင်အောင်ထံမှ သိရသည်။
ကျောင်းချယ်ကျေးရွာထွက် နာနတ်သီးကို နေပြည်တော်၊ ရန်ကုန်၊ လွိုင်ကော်၊ တောင်ကြီး၊ ဟဲဟိုး၊ အောင်ပန်းနှင့် အခြားဒေသများအား တင်ပို့ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)