ဆီဆိုင် ၇ အောက်တိုဘာ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော် စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ မိသားစုများ စုပေါင်း၍ Covid-19 ကာလအတွင်း သံဃာတော်များ ဆွမ်းကိစ္စအခက်အခဲ မရှိစေရေးအတွက် မြကန်သာ ရပ်ကွက်အတွင်းရှိ ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ ဇဝနာရာမပရိယတ္တိစာသင်တိုက်အတွက် ဆန်(၄၃)အိတ်၊ ဆီ(၆၃)ပိဿာ၊ ကော်ဖီမစ် ၁ ထုပ်၊ အလှူငွေကျပ် (၁၅၄၇၀၀၀)ကျပ်နှင့် Mask အခု (၁၃၅၀)တို့ကို အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီက ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တက်ရောက်လာကြသော မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့် ဌာနဆိုင်ရာမိသားစုများ၊ ရပ်ကွက်အုပ်ချုပ်ချုပ်ရေးမှူးများတို့က ဆီဆိုင်မြို့နယ်လုံး ဆိုင်ရာ ဇဝနာရာမပရိယတ္တိစာသင်တိုက် ဆရာတော် ဦးကောဝိဒထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့က မေတ္တာပရိတ်တရားတော်များကို မြွက်ကြားချီးမြှင့်တော်မူခြင်းနှင့် လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
အဆိုပါ ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ ဇ၀နာရာမပရိယတ္တိစာသင်တိုက်တွင် ရဟန်း၊ သံဃာတော် (၄၆၅)ပါးခန့် သတင်းသုံးနေထိုင်လျက်ရှိကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


