ဆီဆိုင် ၃ ဇွန်
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားလာမှု မရှိစေရေးအတွက် မြို့အဝင်ပေါက်တွင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ နေ့စဉ်အရှိန်အဟုန်မပြတ် ဆောင်ရွက် လျက်ရှိရာ ဇွန် ၃ ရက် နံနက် ၈ နာရီခွဲ ညနေ ၅ နာရီထိ ဆီဆိုင်မြို့အဝင်ပေါက်တွင် ဖြတ်သန်း သွားလာသော ရဟန်းရှင်လူမိဘပြည်သူများအား ကိုယ်အပူချိန်များတိုင်းတာစစ်ဆေးခြင်း နှင့် နှာခေါင်းစည်း တပ်ဆင်လာခြင်းမရှိသူများအား ဝယ်ယူတပ်ဆင်စေသောစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်လဝကဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့က ဆီဆိုင် မြို့အဝင်ဂိတ်တွင် ဖြတ်သန်းသွားလာကြသည့် ရဟန်းရှင်လူ မိဘပြည်သူများအား လက်ဆေးကန်တွင် လက်ဆေးစေခြင်း၊ လက်ဆေးဆပ်ပြာရည်ဖြင့် လက်ကိုစနစ်တကျ ဆေးကြောပေးခြင်း၊ ကိုယ်အပူချိန်များ တိုင်းတာစစ်ဆေးပေးခြင်း၊ ရပ်ဝေးမှဝင်ရောက်လာသည့် ပြည်သူများအား စနစ်တကျ မှတ်တမ်းရယူခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်လာခြင်းမရှိသော သူများအား ဝယ်ယူတပ်ဆင်စေသောစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


