ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်း ရွှေတံဆိပ်ဆုဆွတ်ခူး

နေပြည်တော် မေ ၁၇

 

ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် ၃၂ ကြိမ်မြောက် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို မေ ၁၆ ရက် ညပိုင်းကကျင်းပရာ အင်ဒိုနီးရှားအသင်း ဗိုလ်စွဲခဲ့သည်။ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားအသင်းနှင့် ထိုင်းအသင်း ယှဉ်ပြိုင်ကစားရာ သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်သည်အထိ နှစ်ဂိုးစီ သရေကျနေသဖြင့် အချိန်ပိုဆက်လက်ယှဉ်ပြိုင်ကစားရာ အင်ဒိုနီးရှားအသင်းက သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရကာ စုစုပေါင်း ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။

 

ယခုပြိုင်ပွဲတွင် အကောင်းဆုံးပုံစံရနေသည့် အင်ဒိုနီးရှားအသင်းသည် ပွဲတိုင်းအနိုင်ရသည့် မှတ်တမ်း နှင့်အတူ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အင်ဒိုနီးရှားအသင်းအတွက် နှစ်ပေါင်း ၃၀ ကျော်အကြာတွင် ရွှေတံဆိပ်ပြန်လည်ရယူနိုင်ခြင်းဖြစ်ပြီး ၁၉၉၁ ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်ရပြီးနောက်ပိုင်း အောင်မြင်မှုနှင့် ဝေးကွာနေမှုကို အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက် သုံးကြိမ်မြောက် ရွှေတံဆိပ်ဆုရရှိခြင်းဖြစ်ပြီး အမျိုးသားဘောလုံးပြိုင်ပွဲကို သက်တမ်းအလိုက် ပြောင်းလဲပြီး နောက်ပိုင်း ပထမဆုံးဗိုလ်စွဲခြင်းလည်း ဖြစ်သည်။ နာမည်ကြီး ထိုင်းအသင်းမှာမူ ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိပြီးနောက် နောက်ဆုံးသုံးကြိမ်ဆက်တိုက် ရွှေတံဆိပ်ဆုနှင့် လွဲချော်ခဲ့သည်။

 

အင်ဒိုနီးရှားအသင်းနှင့် ထိုင်းအသင်းမှာမူ အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာပြီး ပထမပိုင်းတွင် အင်ဒိုနီးရှားအသင်းက နှစ်ဂိုးပြတ်ဦးဆောင်နေသည်။ အင်ဒိုနီးရှားအသင်းအတွက် ဦးဆောင်ဂိုးများကို ၂၀၊ ၄၅+၃ မိနစ်တွင် ဆန်နာတာက သွင်းယူခဲ့သည်။ ပထမပိုင်းတွင် နှစ်ဂိုးပြတ် အရေးနိမ့်နေသည့် ထိုင်းအသင်းသည် ဒုတိယပိုင်းတွင် ချေပဂိုးရ၇န် ကြိုးပမ်းခဲ့ပြီး ၆၅ မိနစ်တွင် အာနန်က ပထမချေပဂိုး၊ ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ဘူလာဖာက ဒုတိယချေပဂိုးသွင်းယူခဲ့သဖြင့် နှစ်ဂိုးစီသရေကျပြီး အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။ အင်ဒိုနီးရှားအသင်းအတွက် အနိုင်ဂိုးများကို အချိန်ပို ၉၄ မိနစ်တွင် အီရာဖန်၊ ၁၀၇ မိနစ်တွင် ရာမန်နှင့် ၁၂၀ မိနစ်တွင် အာဟန်တို့က သွင်းယူခဲ့သည်။ ပွဲပြီးခါနီးနှင့် အချိန်ပိုပထမပိုင်းအစတွင် နှစ်ဖက်အသင်းသားများ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အချိန်ပို ပွဲကစားချိန်အတွင်း အင်ဒိုနီးရှားမှ တစ်ဦး၊ ထိုင်းမှ သုံးဦး အနီကတ်ဖြင့် ထုတ်ပယ်ခံရသည်။

 

အမျိုးသားဘောလုံးပြိုင်ပွဲအပြီးတွင် အင်ဒိုနီးရှားအသင်းက ရွှေတံဆိပ်၊ ထိုင်းအသင်းက ငွေတံဆိပ်၊ ဗီယက်နမ်အသင်းက ကြေးတံဆိပ်ရရှိပြီး မြန်မာအသင်းမှာမူ တတိယလုပွဲတွင် အရေးနိမ့်ခဲ့သဖြင့် ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-seagames2023