ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲတွင် စင်ကာပူနှင့် မလေးရှား၊ အမျိုးသမီးပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ဗီယက်နမ်အသင်း အနိုင်ရ

ရန်ကုန်   မေ   ၁၂

(၃၁) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသားဘောလုံးနှင့် အမျိုးသမီးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို မေ ၁၁ ရက်က ဆက်လက်ကျင်းပရာ အမျိုးသားပြိုင်ပွဲတွင် စင်ကာပူနှင့် မလေးရှား၊ အမျိုးသမီးပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ဗီယက်နမ်အသင်း အနိုင်ရရှိခဲ့သည်။

အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု (က) ပွဲစဉ်အဖြစ် လက်ရှိ ချန်ပီယံ ဗီယက်နမ်နှင့် ဖိလစ်ပိုင် အသင်းတို့ ယှဉ်ပြိုင်ကစားရာ ဗီယက်နမ်အသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

ယခုနောက်ပိုင်းနှစ်များတွင် တစ်ဟုန်ထိုး တိုးတက်လာပြီး ကမ္ဘာ့ဖလားပြိုင်ပွဲပင် ဝင်ခွင့်ရထားသည့် ဖိလစ်ပိုင်အသင်းသည် အိမ်ရှင်ဗီယက်နမ်ကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့သော်လည်း ဦးဆောင်ဂိုး မထိန်းနိုင်သဖြင့် ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။

အုပ်စုပထမပွဲတွင် ကမ္ဘာဒီးယားကို ဂိုးပြတ်အနိုင်ရထားသည့် ဖိလစ်ပိုင်အသင်းသည် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ဗီယက်နမ်အသင်းက ချေပဂိုးနှင့် အနိုင်ဂိုးပြန်သွင်းကာ အမှတ်ပြည့် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်အသင်းသည် နောက်ဆုံးပွဲတွင် ကမ္ဘောဒီးယားကို အနိမ့်ဆုံး သရေကစားနိုင်ရုံ ဖြင့် အုပ်စုပထမနေရာရရှိမည် ဖြစ်သည်။ လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းမှာလည်း အမှားအယွင်းမရှိ ကစားနိုင်ခဲ့ပြီး ရလဒ်ကောင်း ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသားဘောလုံးပြိုင်ပွဲအဖြစ် အုပ်စု(ခ) ပွဲစဉ်များ ကျင်းပခဲ့ပြီး စင်ကာပူအသင်းက ကမ္ဘောဒီးယား အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ မလေးရှားအသင်းက လာအိုအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ အုပ်စုပထမပွဲတွင် နာမည်ကြီးထိုင်းအသင်းကို အနိုင်ရခဲ့သည့် မလေးရှားအသင်းသည် လာအိုကို ဂိုးပြတ် အနိုင်ယူကာ နှစ်ပွဲဆက် အနိုင်ရခဲ့သည်။ မလေးရှားအသင်းသည် နှစ်ပွဲဆက် အနိုင်ရလဒ်ကြောင့် ဆီမီး ဖိုင်နယ်တက်ရောက်ခွင့်ရရန် အခြေအနေကောင်းသွားခဲ့သည်။ မလေးရှားအသင်းသည် ပထမပိုင်းတွင် နှစ်ဂိုး၊ ဒုတိယပိုင်းတွင် တစ်ဂိုးသွင်းယူခဲ့ပြီး လာအိုအသင်းသည် သုံးဂိုးပေးလိုက်ရပြီးမှ တစ်ဂိုး ပြန်သွင်းနိုင်ခဲ့ခြင်းဖြစ်သည်။ နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားသည့် စင်ကာပူအသင်းသည် ၂၀၁၉ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ရောက်ရှိခဲ့သည့် ကမ္ဘောဒီးယားအသင်းကို မထင်မှတ်ဘဲ အနိုင်ရရှိခဲ့သည်။ ကမ္ဘောဒီးယား အသင်းသည် ပထမပွဲတွင် လာအိုကို ဂိုးပြတ်အနိုင်ရခဲ့သော်လည်း ယခုပွဲတွင် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ် သည်။ စင်ကာပူအသင်းအတွက် အနိုင်ဂိုးကို ၃၆ မိနစ်တွင် အက်ကာဘာက သွင်းယူခဲ့သည်။

ရဲရင့်လွင်