ဆီးဂိမ်း ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် ပေါက်စ ဗိုလ်စွဲ

ရန်ကုန်   မေ   ၁၈

ဆီးဂိမ်း ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲကို မေ ၁၇ ရက် နံနက်ပိုင်းက ဗီယက်နမ်နိုင်ငံ၌ ကျင်းပရာ မြန်မာဘိလိယက် ကစားသမား ပေါက်စ ဗိုလ်စွဲခဲ့သည်။

ရွှေတံဆိပ်ဆုရယူနိုင်ခဲ့

ပေါက်စသည် ဗိုလ်လုပွဲတွင် ဘိလိယက်တစ်ဦးချင်း ခြောက်ကြိမ်ဆက်တိုက် ရွှေတံဆိပ်ဆုရှင် စင်ကာပူနိုင်ငံသား ပီတာဂေးလ်ခရစ်နှင့် တွေ့ဆုံခဲ့ပြီး ၃-၁ ဖြင့် အနိုင်ရကာ ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပေါက်စသည် ယခုပြိုင်ပွဲတွင် ပြိုင်ဘက်ကောင်းများကို ဖြတ်ကျော်ကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး ကွာတားဖိုင်နယ်တွင် အိမ်ရှင်ဗီယက်နမ်ကစားသမား၊ ဆီမီးဖိုင်နယ် တွင် ထိုင်းနာမည်ကြီးကစားသမား ပရာပွတ်နှင့် ဗိုလ်လုပွဲတွင် ဆီးဂိမ်း ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ၌ ကြီးစိုးထားသည့် ပီတာဂေးလ်ခရစ်တို့ကို အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ရွှေတံဆိပ်ရခဲ့

ပေါက်စသည် ဗိုလ်လုပွဲတွင် အမှားအယွင်းမရှိ ယှဉ်ပြိုင်နိုင်ခဲ့ပြီး ပထမပွဲငယ်တွင် ၁၀၂-၁၁ မှတ်ဖြင့် အနိုင်ရခဲ့သည်။ ဒုတိယပွဲငယ်တွင် ပီတာဂေးလ်ခရစ်က ၁၀၀၁၂ မှတ်ဖြင့် ပြန်လည်အနိုင်ရသော်လည်း တတိယပွဲငယ်တွင် ပေါက်စ တစ်ကြိမ်တည်း ၁၀၁ မှတ်ထိုးကာ ၁၀၁-၀ မှတ်ဖြင့် အနိုင်ရခဲ့သည်။ ထို့ကြောင့် စတုတ္ထပွဲငယ်မှာ အဆုံးအဖြတ်ဖြစ်လာပြီး ပေါက်စက ၁၀၀-၉၅ မှတ်ဖြင့် အနိုင်ရကာ ရွှေတံဆိပ်ရခဲ့ခြင်း ဖြစ်သည်။ ပီတာဂေးလ်ခရစ်သည် ၂၀၀၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ခြောက်ကြိမ် ဆက်တိုက် ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူထားခြင်းဖြစ်ပြီး ပေါက်စက ၎င်း၏ ကြီးစိုး ထားမှုကို အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာဘိလိယက်ကစားသမားများသည် ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက် နှစ်ယောက်တွဲပြိုင်ပွဲနှင့် အသင်းလိုက်ပြိုင်ပွဲတို့တွင်သာ ရွှေတံဆိပ်ရရှိဖူးသော်လည်း တစ်ဦးချင်းပြိုင်ပွဲတွင်မူ ယခုအကြိမ်မှ ပထမဆုံးအကြိမ် ရွှေတံဆိပ်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

သတင်း - ကိုညီလေး၊ ဓာတ်ပုံ - MBSF