ဆီးဂိမ်း ဗိုဗီနမ်ပြိုင်ပွဲ တတိယနေ့တွင် မြန်မာဗိုဗီနမ်အဖွဲ့ ရွှေတစ်ခု၊ ငွေနှစ်ခု၊ ကြေးနှစ်ခု ထပ်မံဆွတ်ခူး

ရန်ကုန်၊ မေ ၈

 

(၃၂)  ကြိမ်မြောက် ဆီးဂိမ်းဗိုဗီနမ်ပြိုင်ပွဲ တတိယနေ့ကို  မေ ၈ ရက်က ဆက်လက်ကျင်းပရာ  မြန်မာဗိုဗီနမ်အဖွဲ့  ရွှေတစ်ခု၊ ငွေနှစ်ခု၊ ကြေးနှစ်ခု  ထပ်မံဆွတ်ခူး ရရှိခဲ့သည်။

 

ထပ်မံဆွတ်ခူးခဲ့

 

မြန်မာဗိုဗီနမ်အဖွဲ့သည် ပြိုင်ပွဲသုံးရက်ဆက်တိုက် ရွှေတံဆိပ်ဆုရယူနိုင်ခဲ့ပြီး တတိယနေ့တွင်လည်း ဆုတံဆိပ် ငါးခုထပ်မံ ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ မြန်မာ ဗိုဗီနမ်အဖွဲ့အတွက် ရွှေတံဆိပ်ဆုကို အမျိုးသား ဓားတစ်လက် အပြပြိုင်ပွဲတွင် အိုက်စိုးလင်းက ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ရမှတ် ၄၄၉ မှတ်ဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။

 

ယင်းပြိုင်ပွဲတွင် ဗီယက်နမ် ကစားသမားက ရမှတ် ၄၄၇ မှတ် ဖြင့် ငွေတံဆိပ်၊ ထိုင်းကစားသမား က ရမှတ် ၄၃၇ မှတ်ဖြင့် ကြေးတံဆိပ် ရရှိခဲ့သည်။ မြန်မာဗိုဗီနမ်အဖွဲ့အတွက် ငွေတံဆိပ်ဆုများကို အမျိုးသား တုတ်ရှည်အပြပြိုင်ပွဲတွင် တင်ထူးဇော်၊ အမျိုးသမီးဓားမောက်အပြပြိုင်ပွဲတွင် အိန္ဒြေဖူး၊ ကြေးတံဆိပ်ဆုများကို အမျိုးသားနှစ်ယောက်တွဲ အပြပြိုင်ပွဲတွင် အောင်ခိုင်လင်းနှင့် ဟိန်းထက်အောင် အတွဲနှင့် အမျိုးသမီး Self- Defence ပြိုင်ပွဲတွင် ချစ်နိုဒီဆောင်းတို့က ရယူပေးခဲ့ခြင်းဖြစ်သည်။

 

ပြိုင်ပွဲတတိယနေ့အပြီးတွင် မြန်မာဗိုဗီနမ်အဖွဲ့က ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေး တံဆိပ် ၁၃ ခု ဆွတ်ခူးရရှိထားသည်။ ဗိုဗီနမ်ပြိုင်ပွဲ နောက်ဆုံး နေ့ကို မေ ၉ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။

 

သတင်း- ကိုညီလေး

ဓာတ်ပုံ- အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန