ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ နိုဝင်ဘာ ၂၆ ရက်တွင် စတင်မည်

၂၅  နိုဝင်ဘာ

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၁၉ ခုနှစ် အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပထမနေ့ပွဲစဉ်များကို နိုဝင်ဘာ ၂၆ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်သည်။

 

ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အသင်းခြောက်သင်းသာ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (က) တွင် ဖိလစ်ပိုင်၊ မလေးရှားအသင်းတို့နှင့် ပါဝင်နေကာ အုပ်စု (ခ) တွင်မူ လက်ရှိချန်ပီယံဗီယက်နမ်၊ ထိုင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ပါဝင်နေသည်။ အုပ်စုပထမနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ထိုင်းအသင်းနှင့် ဗီယက်နမ်အသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် မြန်မာအသင်းနှင့် အိမ်ရှင်ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

မြန်မာအသင်းသည် အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့် စတင်ကစားရမည်ဖြစ်ပြီး အဖွင့်ပွဲရလဒ်ကောင်းရန် လိုအပ်နေသလို အုပ်စုပထမနေရာအတွက်ပါ အရေးပါလျက်ရှိသည်။ မြန်မာအသင်းသည် အင်အားကြီး အသင်းများကို ရှောင်ရှားနိုင်ခဲ့ပြီး အုပ်စုချောင်နေသော်လည်း အုပ်စုပထမနေရာရယူနိုင်ရန် ဖိလစ်ပိုင်နှင့်ပွဲမှာ အရေးပါလျက်ရှိသည်။

 

မလေးရှားအသင်းသည် အုပ်စု (က) တွင် အင်အားအနည်းဆုံးဖြစ်ပြီး ဖိလစ်ပိုင်အသင်းသည် တိုးတက်လာသည့်အပြင် အိမ်ရှင်အသင်းဖြစ်သောကြောင့် လျော့တွက်၍ မရသည့်အနေအထားပင် ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်း၏ ပြင်ဆင်မှုအနေအထား၊ စုဖွဲ့မှုအနေအထားများမှာ ကျေနပ်စရာ ကောင်းသည့်အနေအထားရှိနေပြီး ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲလေးပွဲသာ ကစားခဲ့ရသော်လည်း နှစ်လုံးပေါက် နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ရန် ပြင်ဆင်ခဲ့မှုများကြောင့် လေ့ကျင့်မှုမပြတ်သည့်အပြင် ပိုမိုတိုးတက်လာသည့် အနေအထားရှိခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် အဖွင့်ပွဲအပြီးတွင် မလေးရှားနှင့် ဒုတိယပွဲကို ဒီဇင်ဘာ ၂ ရက်မှသာ ယှဉ်ပြိုင်ရမည်ဖြစ်ရာ ပြင်ဆင်ချိန်များစွာ ရရှိမည်ဖြစ်သည်။

 

ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲများကို ဘီနန်ကွင်း၌ ကျင်းပမည်ဖြစ်ပြီး အသင်းအရေအတွက် နည်းသောကြောင့် နှစ်ရက်ခြား ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာအမျိုးသမီး အသင်းသည် နောက်ဆုံးကျင်းပသည့် ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ရရှိခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-တင်စိုး