၂၄ အောက်တိုဘာ
၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာနှင့် ထိုင်းအသင်းတို့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားရန် နှစ်ဖက်ဘောလုံးအဖွဲ့ချုပ်တို့ သဘောတူညီမှုရရှိခဲ့သည်။ ယင်းခြေစမ်းပွဲကို နိုဝင်ဘာ ၁၃ ရက်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် နိုဝင်ဘာတွင် နိုင်ငံတကာခြေစမ်းပွဲသုံးပွဲကစားရန် စီစဉ်ထားပြီး နိုဝင်ဘာ ၁၇ ရက်တွင်လည်း ဗီယက်နမ်အသင်းနှင့် ခြေစမ်းပွဲကစားရန် သဘောတူညီမှုရထားရာ ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ အာဆီယံထိပ်သီးအသင်းများနှင့် ခြေစမ်းခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယင်းခြေစမ်းပွဲနှစ်ပွဲအပြင် နောက်ထပ်ခြေစမ်းပွဲတစ်ပွဲ ကစားနိုင်ရန် စီစဉ်လျက်ရှိပြီး အရှေ့တောင်အာရှနှင့် အာရှအသင်းများကို ဖိတ်ကြားလျက်ရှိသည်။ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် ကစားသမား ၃၀ ကျော်ဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ခြေစမ်းပွဲကစားမည့်ကာလတွင် မြန်မာ့လက်ရွေးစင်အသင်းမှာလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားရန်ရှိနေသောကြောင့် အသက်ကျော်ကစားသမားများမှာ ဆီးဂိမ်းစ်ပြိုင်ပွဲနီးမှ ပူးပေါင်းနိုင်မည်ဖြစ်သည်။ မြန်မာနှင့် ထိုင်းအသင်းသည် ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲ ဆီမီးဖိုင်နယ်၌ တွေ့ဆုံခဲ့ပြီး ထိုင်းအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
မြန်မာ ယူ-၂၂ အသင်းသည် လက်ရှိတွင် ကာတာနိုင်ငံ ဒိုဟာမြို့၌ လေ့ကျင့်လျက်ရှိပြီး ပထမဆုံးခြေစမ်းပွဲအဖြစ် အောက်တိုဘာ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီတွင် နီပေါ ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲကစားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ကာတာခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲသုံးပွဲ ကစားမည်ဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲ ခြောက်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အုပ်စု (က) ၌ ဖိလစ်ပိုင်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ တီမောအသင်းတို့နှင့် ကျရောက်နေသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်