ရန်ကုန်   နိုဝင်ဘာ   ၂၂

 မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းများသည် လာမည့် (၃၁) ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်း ပြိုင်ပွဲအတွက် အချိန်ယူလေ့ကျင့်ပြင်ဆင်သွားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားနှင့် အမျိုးသမီးအသင်းများသည် နိုင်ငံတကာပြိုင်ပွဲများနှင့် ကာလအတန်ကြာ ဝေးကွာနေပြီးလာမည့် ဆီးဂိမ်းပြိုင်ပွဲမှာ ပထမဆုံးပြန်လည်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲ လည်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားနှင့် အမျိုးသမီးအသင်းသည် လာမည့် ဆီးဂိမ်း ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး လာမည့်နှစ်ဆန်းပိုင်းတွင် စတင်လေ့ကျင့်ဖွယ်ရှိနေ သည်။ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်း နည်းပြချုပ် အဖြစ် ထိုင်းနိုင်ငံသား ဘန်လက်ချာယိုဝန်ကို ခန့်အပ်ထားပြီး အမျိုးသားအသင်းသာ နည်းပြချုပ် ခန့်အပ်ရန် ကျန်ရှိနေခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်းသည် ၂၀၁၉ အာဆီယံဖူဆယ်ပြိုင်ပွဲတွင် နောက်ဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအမျိုးသမီး ဖူဆယ်အသင်းမှာမူ ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲတွင် နောက်ဆုံး ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ဆီးဂိမ်းပြိုင်ပွဲတွင် ဖူဆယ်အားကစားနည်း ၂၀၀၇ ခုနှစ်တွင် စတင်ပါဝင်ခဲ့ပြီး ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၃ နှင့် ၂၀၁၇ ခုနှစ် လေးကြိမ်သာပါဝင်ခဲ့ကာ လာမည့် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲတွင် ငါးကြိမ်မြောက် ပါဝင်ခြင်းဖြစ်သည်။

ကိုညီလေး