နေပြည်တော် စက်တင်ဘာ ၇

ပြည်တွင်းစားအုန်းဆီဈေးနှုန်းများ တည်ငြိမ်စေရေးအတွက်အဖွဲ့ဝင် (၂၉)ဦးပါ သော စားသုံးဆီဈေးနှုန်း တည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းကာ စီမံဆောင်ရွက် နေပြီဖြစ်သည့်အတွက် စားသုံးလက်ထဲအရောက် ရောင်းချချိန်တွင် အမြတ်ငွေ ၁၀ ရာခိုင်နှုန်းထက် မပိုသော ဈေးဖြင့်သာ ရောင်းချကြရန် မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင် အသင်းက ထပ်မံကြေညာထားသည်။ ဆီဈေးထိန်းချုပ်သည့်အနေဖြင့် ပြည်တွင်းရှိ လက်ကားကုန်သည်များ၊ ဆီဒိုင်များ၊ အရောင်းဆိုင်ကြီးများကို အစိုးရ၏ လက်ကား ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။ အဆိုပါ ဆိုင်ကြီးများအနေဖြင့် လက်ကား ရည်ညွှန်းဈေးထက် ၂ ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းချရန်ဖြစ်ပြီး စားသုံးသူလက်ထဲသို့ တစ်ဆင့်ခံ ပြန်လည်ရောင်းချသူများအနေဖြင့်လည်း အထွေထွေ ကုန်ကျစရိတ်များပါ ထည့်ပေါင်းပြီး ၁၀ ရာခိုင်နှုန်းထက် အမြတ်တင်မရောင်းချကြရန် အသင်းက ယမန်နေ့က ထပ်မံကြေညာခဲ့ခြင်း ဖြစ်သည်။ စားသုံးဆီဈေးနှုန်း တည်ငြိမ် စေရေး လုပ်ငန်းအဖွဲ့ကိုအသင်း၏ စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ စားသုံးဆီတင်သွင်း သော ကုမ္ပဏီများမှ ကိုယ်စားလှယ်များ ပါဝင်သော (၂၉)ဦးဖြင့် ဩဂုတ် ၂၈ ရက်မှ စတင်ဖွဲ့စည်းကာ ဆီတင်သွင်းသော ကုမ္ပဏီများ၏ ဆီရောင်းချရေးကို စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် စားသုံးဆီများကို ဈေးကွက်အတွင်း ပျံ့ပျံ့နှံ့နှံ့ရောက်ရှိစေရန်၊ စားသုံးသူ များအား လက်လွဲပြောင်းမှု အနည်းဆုံးဖြင့် တိုက်ရိုက်ရောင်းချနိုင်ရန်၊ စားသုံးသူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်၊ ဆီအရောင်းဆိုင်ကြီးများအနေဖြင့် လက်ကားရည်ညွှန်းဈေးဖြင့် ဝယ်ယူရရှိနိုင်စေရန်၊ ပွင့်လင်းမြင်သာမှုရှိစေရန် စသောရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ကြေညာချက်တွင် ရေးသားထားသည်။

ယခုအခါ ရန်ကုန်မြို့ရှိ ဘုရင့်နောင်၊ ညောင်ပင်လေးဈေးနှင့် မြို့နယ်များရှိ ဈေးများ၊ ရပ်ကွက်အတွင်းရှိ အရောင်းဆိုင်များအပြင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းခွဲများရှိရာ မြို့နယ်များဖြစ်သည့် နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ပြည်၊ တောင်ကြီး၊ မြင်းခြံ၊ ရွှေဘို၊ ပခုက္ကူ၊ အောင်လံ၊ ကျောက်ပန်း တောင်း၊ မိတ္ထီလာ၊ ပုသိမ်၊ မော်လမြိုင်၊ ရမည်းသင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ညောင်ဦး၊ မြိတ်၊ ကောင့်သောင်း၊ ထားဝယ်၊ လားရှိုး၊ ဘားအံ၊ စစ်တွေနှင့် မြစ်ကြီးနား စသည့်မြို့နယ်များတွင်လည်း ရောင်းချပေးလျက်ရှိပြီး   အခြား  ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက်လည်း ဆက်လက်ဖြန့်ဖြူး ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

အထက်ဖော်ပြပါမြို့နယ်များမှ အရောင်းဆိုင်များအနေဖြင့် လက်ကားရည်ညွှန်း ဈေးဖြင့် ဝယ်ယူရရှိခြင်း မရှိပါက “စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့” သို့ ဖုန်းနံပါတ် ၀၉-၇၅၇၄၈၂၉၁၂ နှင့် ၀၉-၇၅၆၅၇၅၂၁၆ တို့မှတစ်ဆင့် ရုံးချိန်အတွင်း တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စားအုန်းဆီ လက်ကားရည်ညွှန်းဈေးအား နိုင်ငံပိုင်သတင်းစာများတွင် အပတ်စဉ် တနင်္လာနေ့သတင်းစာ၌ သတ်မှတ်ဖော်ပြပါရှိပြီး ယခု စက်တင်ဘာလ ၄ ရက်မှ ၁ဝ ရက်နေ့ထိ စားအုန်းဆီလက်ကားရည်ညွှန်းဈေး တစ်ပိဿာ ငွေကျပ် ၄၁၆ဝ ဖြစ်ပါသည်။