၆  နိုဝင်ဘာ

ဆီးကျောက်ခြေတယ်ဆိုတာ ခွဲစိတ်စရာ မလိုတဲ့ နည်းလမ်းတစ်ခုပါပဲ။ Extracorporeal shock wave lithotripsy (ESWL) လို့ ခေါ်ပါတယ်။ Lithotriperလို့ ခေါ်တဲ့ စက်ကနေ လှိုင်းတွေထုတ်ပြီး ကျောက်တွေကို ခြေပစ်တာပါ။ ကျောက်မှုန်လေးတွေ ဖြစ်ပြီး ဆီးနဲ့အတူ ပါသွားမှာပါ။ ခွဲစိတ်စရာ မလိုတဲ့ နည်းလမ်းကောင်းပါပဲ။

 

ဘယ်သူတွေ ဆီးကျောက်ခြေလို့ရလဲ။

နည်းလမ်းကောင်း ဖြစ်ပေမယ့် လူတိုင်းတော့ ခြေလို့မရပါဘူး။ ကျောက်အနေအထား၊ လူနာအနေအထားပေါ်လည်း အများကြီး မူတည်ပါသေးတယ်။ များသောအားဖြင့်တော့

၂ စင်တီမီတာ အရွယ်အောက် သေးတဲ့ ကျောက်တွေ

ကျောက်ကပ် ဒါမှမဟုတ် ကျောက်ကပ်နားနီးတဲ့ ဆီးပို့ပြွန်က ကျောက်တွေအတွက် အဓိက သုံးပါတယ်။

 

ဘယ်သူတွေ ဒီနည်းနဲ့ ကျောက်ခြေလို့မရဘူးလဲ။

အရွယ်အစားကြီးတဲ့ကျောက်တွေ

ကိုယ်ဝန်ဆောင်တွေ

သွေးရောဂါရှိတဲ့သူတွေ

အဝလွန်တဲ့သူတွေ

ကျောက်ကပ် ဒါမှမဟုတ် ဆီးလမ်းကြောင်း ပိုးဝင်နေတဲ့သူတွေ

ကျောက်ကပ်ပုံစံ ပုံမှန်မဟုတ်တဲ့သူတွေ၊ ဆီးပို့ပြွန် ပိတ်နေတဲ့သူတွေဆိုရင် ဒီနည်းနဲ့ အဆင်ပြေမှာ မဟုတ်ပါဘူး။

 

ဘယ်လိုမျိုး ခြေတာလဲ။

အထူးသဖြင့် သွေးကျဲဆေးလိုမျိုးတွေကို တစ်ပတ်လောက် ကြိုဖြတ်ထားဖို့ လိုပါတယ်။ အရင်ဆုံး ကျောက်ရှိတဲ့ နေရာကို ဓာတ်မှန်နဲ့ အတည်ပြုရပါတယ်။ လိုအပ်ရင် ဆီးပို့ပြွန်ပွင့်အောင် stent ထည့်ထားရပါတယ်။ ဒါမှ ကြေနေတဲ့ ကျောက်တွေ ဆင်းလာမှာပါ။ လူနာငြိမ်အောင် စိတ်ငြိမ်ဆေးတွေ၊ ထုံဆေးတွေ သုံးရတတ်ပါတယ်။

 

ပြီးတော့မှ ကျောက်ရှိတဲ့နေရာကို ချိန်ပြီး လှိုင်းနဲ့ ခြေတာပါ။ တစ်နာရီလောက်ပဲ ကြာပါတယ်။ နာကျင်မှုလည်း သိပ်မရှိသလို၊ ခွဲစိတ်ရတာ မဟုတ်တဲ့အတွက် နာလန်ထူမြန်ပါတယ်။ ဆေးရုံကနေ ကျောက်ခြေပြီးတဲ့နေ့ ဒါမှမဟုတ် လူနာအခြေအနေပေါ်မူတည်ပြီး ပြန်လို့ရပါတယ်။

 

အိမ်ရောက်ရင်လည်း တစ်ရက် နှစ်ရက်ဆို အလုပ်တွေ ပြန်လုပ်လို့ရပါပြီ။ အစားအသောက်လည်း ထွေထွေထူးထူး ရှောင်စရာ မလိုပါဘူး။ ရေတော့များများသောက်ပေးပါ။ ဆီးကျောက်တွေ ဆီးနဲ့အတူပါသွားဖို့ အများကြီး အထောက်အကူ ဖြစ်ပါတယ်။

 

ဘယ်အချိန်မှာ ဆေးရုံကို ပြန်သွားပြသင့်လဲ။

ကျောက်ခြေပြီးရင် ဆီးထဲမှာ သွေးနည်းနည်းပါတာ၊ ဗိုက်နာတာ၊ ခါးနာတာ စတာတွေ ဖြစ်တတ်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ ရေများများသောက်ရင် အဆင်ပြေပါတယ်။ ဒါပေမယ့် သွေးဆင်းတာ သိပ်များရင် နာတာ အောင့်တာ မခံစားနိုင်ရင် ဆေးရုံကို ပြန်သွားပြသင့်ပါတယ်။

 

လှိုင်းနဲ့ ကျောက်ခြေတာက လူနာအတွက် သက်သောင့်သက်သာဖြစ်တဲ့ ကုသနည်းတစ်ခုပါ။ အောင်မြင်နိုင်ခြေလည်း များပါတယ်။ ဒါပေမဲ့ ဘယ်နည်းနဲ့ပဲ ကျောက်ကို ဖယ်ဖယ် ဆီးကျောက်ဆိုတာ နောက်တစ်ကြိမ် ပြန်တည်တတ်ပါတယ်။ ဒါကြောင့် ရေရှည်မှာ ဆီးကျောက်မတည်အောင် နေတာက ပိုပြီးကောင်းပါတယ်။

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်