အောင်မင်း(ကျန်းမာရေးပညာ)
အသက် ၃၉ နှစ်အရွယ်၊ ၂၅-၂-၂၀၀၅ ရက်နေ့က ဆီးချိုရောဂါစတင်ခံစားနေရမှန်းသိခဲ့သူ ကျွန်တော် ဆီးချိုရောဂါဝေဒနာသည်အဖြစ် ရှင်သန်နေထိုင်ခဲ့သည်မှာ ဆီးချိုရောဂါသက် ၁၉ နှစ်ကျော်ခဲ့ပြီ ဖြစ်ပါသည်။ နောက်ဆက်တွဲရောဂါလက္ခဏာများ မခံစားရသေးသည့် ကျွန်တော့်ကို မိတ်ဆွေအပေါင်းအသင်း ရောင်းရင်းများက ဆီးချိုသမားမှန်း မသိရဘူးဟု ပြောကြသလို တချို့သော မိတ်ဆွေဆရာဝန်များကလည်း ဆရာ့ ရုပ်က ဆီးချိုသမားမှန်း သိသာတယ်နော်ဟု မှတ်ချက်ပြုသူလည်းရှိပါသည်။ မည်သို့ပင်ဆိုစေကာမူ မိမိ၏ လုပ်ငန်းတာဝန်များကို အတိုင်းအတာတစ်ခုအထိ စွမ်းဆောင်နိုင်သေးသဖြင့် ဆီးချိုရောဂါနှင့်အတူ ကျန်းမာစွာ ယှဉ်တွဲနေထိုင်နိုင်ခဲ့ခြင်းအခြေအနေကို ဖောက်သည်ချတင်ပြလိုပါသည်။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်း (Regular proper exercises)
ရောဂါဝေဒနာမခံစားရသေးခင်က ကိုယ်လက်လှုပ်ရှားမှုများကို ပုံမှန်ပြုလုပ်လေ့မရှိခဲ့သော်လည်း ရောဂါရှိမှန်းသိသည့် အချိန်မှစ၍ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို မှန်မှန်ပြုလုပ်ခဲ့ပါသည်။ နေ့စဉ် တစ်ရက်လျှင် နာရီဝက်ခန့်၊ သီတင်းတစ်ပတ်လျှင် ငါးရက်ခန့် ချွေးစို့သည်အထိ၊ အနည်းငယ် မောပန်းသည်အထိ ခပ်သွက်သွက် လမ်းလျှောက်ခဲ့ပါသည်။ အိမ်ကိစ္စ၊ ရုံးကိစ္စများကို လှုပ်ရှားတက်ကြွပုံစံဖြင့် နေထိုင်သွားလာခြင်း၊ အနည်းငယ်ပြင်းထန်သော ကိုယ်လက် လှုပ်ရှားမှုများကို ၁၅ မိနစ်ခန့် (ဥပမာ- ပေါက်ပြားဖြင့် စိုက်ပျိုးမြေပြင်ခြင်း၊ အမှိုက်ရှင်းခြင်း) တစ်ပတ်လျှင် နှစ်ရက်ခန့် ပြုလုပ်ပါသည်။ တိုက်ခန်း၏ သုံးထပ်မြောက်တွင် နေထိုင်သူဖြစ်သဖြင့် တစ်ရက်လျှင် လေး-ငါးကြိမ် တိုက်ခန်း အဆင်း/အတက် ပြုလုပ်ခြင်းများ လုပ်ဆောင်ပါသည်။ ဆီးချိုသွေးချိုရောဂါရှိသူတိုင်း ကိုယ်လက်လှုပ်ရှားမှုကို ကုထုံးတစ်ခုအနေဖြင့် ပုံမှန်ဆောင်ရွက်သင့်ပါသည်။
သင့်တင့်မျှတစွာ စားသောက်ခြင်း (Balance Diet)
အစားအသောက်စားသောက်မှုပုံစံအနေဖြင့် မြန်မာပီပီ မြန်မာ ထမင်းဟင်းကိုသာ မိမိတို့မိသားစု သို့မဟုတ် မိမိကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်သော ထမင်းကိုသာ ဖြစ်နိုင်သမျှ စားသုံးပါသည်။ ထမင်းကို အတိုင်းအတာဖြင့် စားသုံးပြီး ဟင်းကိုဆီပြန်ဟင်းမချက်ဘဲ ဆီလည်ရေလည်ဟင်း၊ ဟင်းသီးဟင်းရွက်ပြုတ် နှစ်မျိုး၊ သုံးမျိုး များများစားသုံးပါသည်။ ထို့အပြင် မချိုလွန်းသောသစ်သီးများကို မိမိငွေကြေးတတ်နိုင်သည့်အပေါ်မူတည်၍ နေ့စဉ် နှစ်မျိုး၊ သုံးမျိုး စားသုံးခဲ့ပြီး ဆေးလိပ်ကိုမူ ဝေးဝေးကရှောင်ပါသည်။ ဆရာဝန်များ၏ ဆီးချို သမားများအတွက် အစားအသောက်လမ်းညွှန်အတိုင်း ကြိုးစား စားသောက်ပါသည်။
စနစ်တကျ ဆေးကုသမှုခံယူခြင်း (Proper Treatment)
ဆီးချိုရောဂါရှိမှန်းသိသည့်အချိန်မှစ၍ ဆရာဝန်နှင့်ပြသကာ စနစ်တကျ ဆေးကုသမှုခံယူခဲ့ပါသည်။ ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးကို စနစ်တကျသောက်သုံးသကဲ့သို့ ဆီးချိုစစ်သင့်သည့်အချိန်များတွင် မိမိအိမ်တွင် ကိုယ်တိုင်စစ်၍ ဆီးချိုအတက်အကျကို မှတ်တမ်းတင်ထားရှိပါသည်။ လိုအပ်သည့်အခါတိုင်း ဆရာဝန်ညွှန်ကြားသော HB A1C ၊ Lipid profile စသည်တို့ကို စစ်ဆေးပြီး ဆရာဝန်၏ ညွှန်ကြား ချက်အတိုင်း ဆေးသောက်သုံးပါသည်။
ဤနေရာတွင် သတိထားရမည့်အချက်မှာ ကျွန်တော်တို့မြန်မာလူမျိုးများသည် အချင်းချင်းရိုင်းပင်း ကူညီတတ်သောစိတ်ဓာတ်ဖြင့် ဘယ်သူကဖြင့် ဘယ်ဆေးနဲ့ပျောက်သွားတာ၊ အဲဒီဆေး သောက်ကြည့်ပါလား၊ ဒီအရွက်က ဆီးချိုအတွက်ကောင်းတယ်၊ ထမင်းစားတဲ့အခါ သုံးရွက်တို့စားပါ စသည်ဖြင့် ဆေးမြီးတိုများကို စေတနာဖြင့် လမ်းညွှန်ကြခြင်းဖြစ်သည်။ ဆေးမြီးတိုများအပေါ် မယုံကြည်ခြင်းမဟုတ်ဘဲ ဆီးချိုရောဂါကို ကုသသည့်အခါ လူနာ၏ အသက်အရွယ်၊ ကျား/မ၊ အလုပ်အကိုင်ပေါ်မူတည်၍ ဆေးအမျိုးအစားများကို အချိန်အဆဖြင့် (dose မှန်ကန်စွာ) သောက်သုံးရန် လိုအပ်ပါသည်။
ဆီးချိုရောဂါသည် သွေးတွင်းအချိုဓာတ်များလွန်း၍ ကိုယ်ခန္ဓာ အစိတ်အပိုင်းများ တဖြည်းဖြည်းချင်း ထိခိုက်ခြင်းမရှိစေရန် ပုံမှန် ဂရုစိုက်ရမည်ဖြစ်သကဲ့သို့ ဆေးသောက်များပြီး အချိုဓာတ် လုံလောက်စွာမရသဖြင့် ရုတ်တရက် ဆီးချိုကျခြင်းကိုလည်း အထူး ဂရုစိုက်ရမည်ဖြစ်ပါသည်။
အိပ်ရေးဝဝအိပ်ခြင်း
လူတစ်ယောက်အနေဖြင့် ပုံမှန်အိပ်ရေးဝအောင် မအိပ်စက်ပါက အထွေထွေကျန်းမာရေးကို ထိခိုက်စေသကဲ့သို့ ဆီးချိုဝေဒနာသည်များ အနေဖြင့် ဆီးချိုရောဂါထိန်းသိမ်းရာတွင် အခက်အခဲတွေ့တတ်ပါသည်။ “စောစောအိပ်ထ၊ ပြုကျင့်က ကင်းပဘေးရောဂါ” ဆိုသည့်အတိုင်း အချိန်မှန် စောစီးစွာ ည ၁၁ နာရီထက် နောက်မကျဘဲ အိပ်ပြီး အနည်းဆုံးအိပ်ချိန် တစ်ရက်ခုနစ်နာရီခန့်ရှိအောင် အိပ်ပါသည်။ ဘောလုံးပွဲ နှစ်သက်သော ကျွန်တော့်အနေဖြင့် အစောပိုင်းပွဲများကိုသာ ကြည့်ရှုပြီး အိပ်ရေးမပျက်အောင် မိမိကျန်းမာရေးကို ဂရုစိုက်ရပါသည်။
စိတ်ဖိစီးမှုနည်းပါးအောင် လုပ်ဆောင်ခြင်း
“လူတစ်စု ပူမှုရယ်တဲ့ဆယ်ကုဋေ” ဆိုသည့်အတိုင်း လူတိုင်း လူတိုင်းစိတ်သောကများ၊ အဆင်မပြေမှုများ၊ စိတ်ဖိစီးမှုများရှိနိုင် ပါသည်။ စိတ်ဖိစီးမှုလျှော့ချနိုင်ရေးအတွက် ယောဂကျင့်ခြင်း၊ တရား ထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ မိမိဝါသနာပါရာ အန္တရာယ်ကင်းသည့် အလုပ်များကို အများသူငါ မထိခိုက်စေဘဲ လုပ်ဆောင်ခြင်း၊ အလုပ်အကြွေး၊ ငွေကြေး အကြွေးများကင်းအောင် ကြိုးစားဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ခြင်းဖြင့် စိတ်ဖိစီးမှုနည်းပါးပြီး ဆီးချိုကို ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်စေပါသည်။
ဆီးချိုရောဂါကို အမြစ်ပြတ်အောင် ကုသ၍မရပါ။ ဆရာဝန်နှင့်ပြသ၍ သွေးချိုမှန်မှန် စစ်ဆေးရန် လိုအပ်ပါသည်။ စနစ်တကျ နေထိုင်စားသောက်ပြီး ကျွမ်းကျင်သူများနှင့် စစ်ဆေးမှုခံယူပါက သက်တမ်းစေ့နေထိုင်နိုင်ပါသည်။ ဆီးချိုရောဂါခံစားနေရသူ လူတစ်ဦး တစ်ယောက်တိုင်းမှ အသိ၊ သတိဖြင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်း၊ သင့်တင့်မျှတစွာ စားသောက်ခြင်း၊ စနစ်တကျ ဆေးကုသမှုခံယူခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ စိတ်ဖိစီးမှုနည်းပါးအောင် ဆောင်ရွက်ခြင်းကဲ့သို့သော ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်မှု ပုံစံများကို နေ့စဉ်မပြတ် အစဉ်တစိုက် ကျင့်သုံးနေထိုင်ခြင်းဖြင့် မိမိကိုယ်တိုင် ကျန်းမာအသက်ရှည်မည်ဖြစ်သကဲ့သို့ ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်ခြင်းဖြင့် မြန်မာပြည်သူတစ်ရပ်လုံး၏ ကျန်းမာသော မျှော်မှန်းသက်တမ်းလည်း မြင့်မားလာလိမ့်မည်ဟု ယုံကြည်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
ရည်ညွှန်းကိုးကား -
ကျန်းမာရေးဝန်ကြီးဌာန၏ လူတိုင်း၊ အိမ်တိုင်း ဆောင်ထား ကျန်းမာရေးအသိပညာများစာအုပ် (၂၀၂၄)ခုနှစ်