ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အအေးမိတယ်၊ ဖျားတယ်ဆိုတာက သာမန်လူတွေအတွက်တော့ အသေးအဖွဲလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ဆီးချိုရှိသူတွေမှာတော့ အသေးအဖွဲမဟုတ်ပါဘူး။ အအေးမိတာ၊ နှာစေးတာ၊ ချောင်းဆိုးတာတွေအကုန်လုံးက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တဲ့ အခြေအနေတွေရှိနေတာပါ။ ရောဂါကြောင့်ရော သောက်သုံးရတဲ့ ဆေးဝါးတွေကြောင့်ပါ ခန္ဓာကိုယ်မှာ ထိခိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေ ဖျားနာတဲ့အခါ ပုံမှန်ပြုစုစောင့်ရှောက်တာထက် ပိုပြီးဂရုစိုက်ဖို့လိုပါမယ်။

ဖျားနေချိန်မှာ ဘာလို့ သွေးတွင်းသကြားဓာတ်မြင့်တက်ရတာလဲ….

အဖျားရှိတဲ့အခါ ခန္ဓာကိုယ်က ကိုယ်တွင်းကို ရောက်လာတဲ့ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ဟော်မုန်းတွေကို ထုတ်လွှတ်ပါတယ်။ ဒီအခြေအနေက ကိုယ်တွင်းမှာ အင်ဆူလင်ထွက်ရှိမှုကို နှေးစေပြီး သွေးတွင်းသကြားဓာတ်က မြင့်တက်လာနိုင်ပါတယ်။

တကယ်လို့ အမျိုးအစား– ၁ ဆီးချိုရောဂါသာရှိနေမယ်ဆိုရင် ဒီအခြေအနေက ထိန်းချုပ်ရခက်ခဲနိုင်ပြီး သွေးတွင်းမှာ အက်ဆစ်ဓာတ်တွေများလာပြီး အသက်အန္တရာယ် ထိခိုက်သည်အထိ ပြင်းထန်လာနိုင်ပါတယ်။ တကယ်လို့ အမျိုးအစား-၂ ဆီးချိုရောဂါကို ခံစားနေရသူတစ်ယောက်အနေနဲ့ အဖျားဝင်မယ်ဆိုရင်  သွေးတွင်းသကြားဓာတ်က အဆမတန်မြင့်တက်ပြီး ဆီးချိုကြောင့်ဖြစ်တဲ့ ကိုမာဝင်တာမျိုး ဖြစ်သွားနိုင်ပါတယ်။

ဆီးချိုရှိသူတစ်ယောက် ဖျားနာပြီဆိုရင် ဘာတွေလုပ်ဖို့လိုမလဲ……

ဆီးချိုရှိသူတစ်ယောက်ဖျားနာပြီဆိုရင် ဒီအချက်လေးတွေကို သတိထားဖို့လိုပါမယ်။

ဆီးချိုဆေးတွေဆက်သောက်ပါ– ဖျားနေချိန်မှာ သွေးချိုက ပုံမှန်ထက်မြင့်တက်နိုင်တာကြောင့် နေ့စဉ်သောက်သုံးနေရတဲ့ ဆီးချိုဆေးတွေကို ဆက်လက်သောက်သုံးပေးပါ။ အင်ဆူလင်ထိုးနေသူတွေ အနေနဲ့လည်း အင်ဆူလင်ဆက်ထိုးပေးပါ။

သွေးတွင်းသကြားဓာတ်ကို မကြာမကြာစစ်ဆေးပါ– ဖျားနေချိန်မှာ သွေးတွင်းသကြားဓာတ်ကို ၃ နာရီခြားတစ်ခါ ဒါမှမဟုတ် ၄  နာရီခြားတစ်ခါ သွေးချိုတိုင်းပေးပါ။ သွေးတွင်းသကြားဓာတ် မြင့်နေခဲ့မယ်ဆိုရင် ပုံမှန်ထက် အင်ဆူလင်ကို ပမာဏတိုးပြီး အသုံးပြုပေးပါ။

နည်းနည်းချင်းစီ စားပေးပါ– ဖျားနေချိန်မှာ အစားမစားချင်ရင်တောင် အစာကြေလွယ်မယ့် အစားအစာလေးတွေကို နည်းနည်းချင်းစီနဲ့ အကြိမ်ရေများများစားပေးပါ။ ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့ အစားအစာတွေကို စားပေးပါ။ အစားလုံးဝမစားဘဲနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ် ထိုးကျသွားတာမျိုးဖြစ်နိုင်တာကြောင့်ပါ။

ရေသောက်ပေးပါ– အဖျားကျစေဖို့အတွက်ရော သွေးတွင်းသကြားဓာတ်ကိုပါ ထိန်းညှိနိုင်စေဖို့အတွက် ရေကိုလုံလောက်စွာသောက်ပေးပါ။ ရေဓာတ်ပြည့်ဝနေမှုကလည်း ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်တဲ့ အချက်တွေထဲကတစ်ခုပါ။

ကိုယ်အလေးချိန်ချိန်ပေးပါ– ခန္ဓာကိုယ်က အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန်ကျသွားမယ်ဆိုရင် ဒါက သွေးတွင်းသကြားဓာတ် မြင့်တက်နေတယ်ဆိုတဲ့ လက္ခဏာပါ။ ဒါကြောင့် ဖျားနေတဲ့အချိန်အတွင်းမှာ ကိုယ်အလေးချိန်တိုင်းတာကလည်း လုပ်ပေးဖို့လိုပါမယ်။

အဖျားတိုင်းပါ– ကိုယ်တွင်းမှာ အဖျားရှိနေတာက ရောဂါတစ်ခုခုခံစားရတော့မယ်၊ ခံစားနေရတယ်ဆိုတာကို ဖော်ပြတဲ့ လက္ခဏာတစ်ခုဖြစ်တာကြောင့် မနက်ခင်းတိုင်းမှာ အဖျားတိုင်းပေးဖို့လိုပါမယ်။

ပြည့်ပြည့်ဝဝအနားယူပါ– ဖျားနေတဲ့အချိန်မျာ ကိုယ်ခံအား ကောင်းလာစေဖို့ဆိုရင် ပြည့်ပြည့်ဝဝအနားယူဖို့ကလည်း မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် ဖျားနေချိန်မှာ ပြည့်ပြည့်ဝဝလေး အနားယူပေးပါ။

အဖျားကို ဘယ်လိုကာကွယ်မလဲ……..

အဖျားကို မဖြစ်အောင်ကာကွယ်လို့ရပါတယ်။ သာမန်လူတွေအတွက် တောင်ခံရခက်တဲ့အဖျားကို ဆီးချိုရှိသူတွေအနေနဲ့က မဖြစ်လေကောင်းလေပါ။ ဒါကြောင့် အဖျားမဖြစ်စေဖို့အတွက်

-    လက်ကို သေချာလေးသန့်စင်ဆေးကြောပါ

-    အာဟာရပြည့်ဝအောင်စားပါ

-    အိပ်ရေးဝဝအိပ်ပါ

-    တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ

-    ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ

-    ကာကွယ်ဆေးထိုးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”