၃ ဖေဖော်ဝါရီ
သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း (hyperglycemia)
ဆီးချိုရောဂါရှိသူတွေမှာ သွေးတွင်းသကြားဓာတ် မြင့်တက်လွန်းရင် အရေးပေါ်အခြေအနေ (diabetic coma) ဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေကို အမျိုးအစား ၁ နဲ့ အမျိုးအစား ၂ ဆီးချိုရောဂါ နှစ်မျိုးလုံးမှာ ခံစားရနိုင်ပါတယ်။ ဆီးချိုကြောင့်ဖြစ်ရတဲ့ ကိုမာ (diabetic coma) ဆိုတာ အသက်အန္တရာယ်ရှိနိုင်တဲ့ ဆီးချိုနောက်ဆက်တွဲဝေဒနာဖြစ်တဲ့ သတိလစ်မေ့မြောခြင်း ဖြစ်ပါတယ်။ သင့်မှာဆီးချိုရောဂါရှိနေတယ်ဆိုရင် သွေးတွင်းသကြားဓာတ်မြင့်လွန်းတာ (hyperglycemia) ပဲဖြစ်ဖြစ်၊ သွေးတွင်းသကြားဓာတ်ကျဆင်းတာ(hypoglycemia) ပဲဖြစ်ဖြစ် အန္တရာယ်အဆင့်ကို ရောက်ရင် ဆီးချိုကိုမာ ရနိုင်ပါတယ်။
ဆီးချိုကိုမာအခြေအနေကို ရောက်နေပြီဆိုရင် သင်ဟာ အသက်ရှင်နေသေးပေမယ့်မြင်ရ၊ ကြားရသမျှ သို့မဟုတ် လှုံ့ဆော်မှုအာရုံအားလုံးကို မတုံ့ပြန်နိုင်၊ မနိုးထနိုင်တဲ့အနေအထား ခံစားရနိုင်ပါတယ်။ မကုသဘဲထားရင် diabetic coma က လူကိုသေစေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
Hyperglycemia သွေးတွင်းသကြားဓာတ်များခြင်းမှာ အမျိုးအစားနှစ်မျိုးရှိပါတယ် –
အစာမစားခင် သွေးစစ်ချိန်သွေးတွင်းသကြားဓာတ်မြင့်နေခြင်း (Fastinghyperglycemia)
အစာမစားမီ ၈ နာရီအတွင်း တိုင်းတာချိန်မှာ သွေးတွင်းသကြားဓာတ်ပမာဏ 130 mg/dL ထက် ကျော်လွန်နေခြင်း ဖြစ်ပါတယ်။
အစာစားပြီး သွေးစစ်ချိန်သွေးတွင်းသကြားဓာတ်မြင့်နေခြင်း (After-meal hyperglycemia)
အစာစားပြီး ၂ နာရီအကြာ တိုင်းတာချိန်မှာ သွေးတွင်းသကြားဓါတ်ပမာဏ 180 mg/dL ထက် ကျော်လွန်နေခြင်း ဖြစ်ပါတယ်။
သွေးတွင်းသကြားဓာတ်မကြာခဏ သို့မဟုတ် ဆက်တိုက်မြင့်တက်နေမယ်ဆိုရင် အာရုံကြောတွေ၊ သွေးကြောတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီကနေ တခြားဆိုးရွားတဲ့ အခြေအနေတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေမှာ ketoacidosis လို့ခေါ်တဲ့ သွေးတွင်းအက်စစ်ဓာတ်များနေခြင်းကို ခံစားရဖို့များပါတယ်။
အမျိုးအစား ၂ ဆီးချိုရောဂါရှိနေရင် ဒါမှမဟုတ်ဖြစ်နိုင်တဲ့ အလားအလာ ရှိနေရင် သွေးတွင်းသကြားဓာတ် မြင့်တက်လွန်းတဲ့အခါ ခန္ဓာကိုယ်က သကြားဓာတ်ကို မစီမံမဖြေရှင်း နိုင်တော့တဲ့ အန္တရာယ်အခြေအနေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကို hyperglycemic hyperosmolar nonketotic syndrome (HHNS) လို့ခေါ်ပါတယ်။ အစမှာ ဆီးမကြာခဏသွားရရာကနေ နောက်ပိုင်းမှာ အကြိမ်ရေနည်းလာပြီး ဆီးအရောင်က ရင့်လာပြီးရေဓာတ်ဆုံးရှုံးမှု ဆိုးရွားလာနိုင်ပါတယ်။
ဖြစ်လာစေတဲ့အကြောင်းရင်းများ
အောက်ပါအချက်တွေ ရှိနေရင် သွေးတွင်းသကြားဓာတ် မြင့်တက်လာနိုင်ပါတယ်-
အင်ဆူလင်ထိုးဖို့မေ့တာ၊ ဒါမှမဟုတ် ဆီးချိုထိန်းဆေးသောက်ဖို့မေ့တာ
ဆေးထိုးထားတဲ့ အင်ဆူလင်ပမာဏနဲ့ ကိုက်ညီတဲ့ အတိုင်းအတာထက် ကျော်လွန်တဲ့ ကာဗိုဟိုက်ဒရိတ် ပမာဏကိုစားသုံးမိတာ
ရောဂါတစ်စုံတစ်ခု ကူးစက်ခံရတာ၊
နာမကျန်းဖြစ်တာ
စိတ်ဖိစီးမှုခံစားနေရတာ
လှုပ်ရှားမှုနည်းတာ၊ ဒါမှမဟုတ် ပုံမှန်လောက်လေ့ကျင့်ခန်းမလုပ်ဖြစ်တာ
အားစိုက်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ အထူးသဖြင့် သွေးတွင်းသကြားဓာတ်မြင့်နေချိန်နဲ့ အင်ဆူလင်ပမာဏကျဆင်းနေချိန်။
လက္ခဏာများ
သွေးတွင်းသကြားဓာတ်မြင့်လာချိန်မှာဖြစ်လာနိုင်တဲ့ လက္ခဏာတွေက –
ရေငတ်လာခြင်း
ခေါင်းကိုက်ခြင်း
အာရုံစိုက်မရခြင်း
အမြင်အာရုံဝေဝါးခြင်း
မကြာခဏဆီးသွားခြင်း
မောပန်းနွမ်းနယ်ခြင်း (အားနည်းခြင်း၊ပင်ပန်းနေသလိုခံစားရခြင်း)
ကိုယ်အလေးချိန်ကျဆင်းခြင်း
သွေးတွင်းသကြားဓါတ်က180 mg/dL ထက်ကျော်လွန်ခြင်း
သွေးတွင်းသကြားဓါတ်ဆက်တိုက်မြင့်တက်နေမယ်ဆိုရင် –
မိန်းမကိုယ် နဲ့ အရေပြား ပိုးဝင်ခြင်း
အနာကျက်နှေးခြင်း
အမြင်အာရုံမကောင်းခြင်း
ခြေဖျားအေးစက်ခြင်း၊ ထုံကျဉ်ခြင်းဖြစ်စေတဲ့ အာရုံကြောထိခိုက်မှု၊ ခြေချောင်းလက်ချောင်းတွေမှာ အမွှေးကျွတ်ခြင်း၊ ဒါမှမဟုတ် ပန်းသေပန်းညှိုးဖြစ်ခြင်း ကာလတာရှည်ဝမ်းချုပ်နေခြင်း သို့မဟုတ် ဝမ်းပျက်ခြင်း တို့လို အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာများ မျက်စိ၊ သွေးကြောနဲ့ ကျောက်ကပ် ထိခိုက်ခြင်း Hyperglycemia အခြေအနေပြင်းထန်တဲ့အခါ အရေးပေါ်ကုသမှု ပြင်းထန်တဲ့ သွေးတွင်းသကြားဓာတ်မြင့်တက်မှုလက္ခဏာတွေဖြစ်လာရင် အရေးပေါ်ခန်း သို့မဟုတ်ဆေးရုံတင် ကုသရနိုင်ပါတယ်။ အရေးပေါ်ရှေးဦးသူနာပြုနည်းကတော့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ပြန်ဖြစ်စေဖို့ပဲ ဖြစ်ပါတယ်။
အရည်ဓာတ်ပြန်လည်ဖြည့်တင်းခြင်း –ရေဓာတ်ပြန်လည်ပြည့်ဝလာတဲ့အထိ ပါးစပ်မှတစ်ဆင့် သို့မဟုတ် သွေးကြောမှတဆင့် အရည်ဓာတ် သွင်းပေးရပါလိမ့်မယ်။ ဒီအရည်ဓာတ်တွေက ဆီးမကြာခဏ သွားခြင်းကြောင့် ဆုံးရှုံးသွားတဲ့အရည်ပမာဏကို ပြန်လည်ဖြည့်တင်းပေးမှာဖြစ်ပြီး သွေးထဲမှာ ပိုလျှံနေတဲ့ သကြားဓာတ်တွေကိုလျော့ကျသွားစေနိုင်ပါတယ်။
ဓာတ်ဆားဖြည့်တင်းခြင်း – ဓာတ်ဆား(electrolytes)တွေက ခန္ဓာကိုယ်တစ်ရှူးတွေကို လုပ်ဆောင်ချက် မှန်ကန်စေဖို့ လိုအပ်တဲ့သွေးတွင်းသတ္ထုဓာတ်တွေဖြစ်ပါတယ်။ အင်ဆူလင်မရှိတဲ့အခါသွေးထဲက ဓာတ်ဆားပမာဏကို လျော့ပါးစေနိုင်ပါတယ်။ ဒါ့ကြောင့် နှလုံး၊ ကြွက်သား၊ နဲ့ အာရုံကြောဆဲလ်တွေကို ပုံမှန်အတိုင်း လုပ်ဆောင်ချက်ရှိစေဖို့ သွေးကြောကတစ်ဆင့်e lectrolytes တွေကို သွင်းရပါတယ်။
အင်ဆူလင်ကုထုံး – အင်ဆူလင်ကသွေးထဲမှာ ketones တွေ များပြားစုပုံစေတဲ့ဖြစ်စဉ်တွေကို ပြောင်းလဲ ကုသပေးနိုင်ပါတယ်။ အရည်ဓာတ်နဲ့ ဓာတ်ဆားတွေအပြင် အင်ဆူလင်ကုထုံးကိုလည်း သွေးကြောကတစ်ဆင့် သွင်းရနိုင်ပါတယ်။
ဘယ်လိုကြိုတင်ကာကွယ်မလဲ
hyperglycaemia အခြေအနေပြင်းထန်တာ သို့မဟုတ် တာရှည်နေတာတွေမဖြစ်အောင် ကြိုတင် ကာကွယ်နိုင်မယ့်နည်းလမ်းတွေရှိပါတယ် –
အစားအသောက်ကိုချင့်ချိန်ပါ – သရေစာ စားတဲ့အခါမှာ သတိနဲ့ချင့်ချိန်ပါ သို့မဟုတ် အချိုဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုများတဲ့ အစားအစာတွေစားရင် သွေးတွင်းသကြားဓာတ်မြင့်တက်နိုင်ပါတယ်။
ကုသမှုကိုသေချာလိုက်နာပါ – အင်ဆူလင် သို့မဟုတ် တခြားဆီးချိုဆေး ကုထုံးများကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း လိုက်နာခံယူဖို့ မမေ့ပါနဲ့။
တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှားနေပါ –ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာက သွေးတွင်းသကြားဓာတ် မြင့်တက်မှုကို ဟန့်တားနိုင်ပေမယ့် ကိုယ်ကဆီးချိုထိန်းဆေးတွေသောက်သုံးနေတာဆိုရင် ဆရာဝန်နဲ့ အရင်ဆုံး စစ်ဆေးသင့်ပါတယ်။
လှုပ်ရှားမှုများလွန်းရင်လည်း ဆေးတွေကြောင့် သွေးတွင်းသကြားဓာတ် ကျဆင်းမှုလွန်ကဲတာတွေ ဖြစ်လာနိုင်လို့ပါ။
နေမကောင်းဖြစ်ရင် ပိုဂရုစိုက်ပါ –ရောဂါဝေဒနာတစ်ခုခုကြောင့် ခံစားနေရချိန်အတွင်း သွေးတွင်း သကြားဓာတ်ကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို ဆရာဝန်ပေးထားတဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာပါ။
သွေးတွင်းသကြားဓာတ်ကို အမြဲစောင့်ကြည့်စစ်ဆေးပါ – ကိုယ့်အိမ်မှာပဲ သွေးချိုတိုင်းစက်နဲ့ စစ်ဆေးတာက ဆီးချိုအတက်အကျကို စောစောသိရှိနိုင်ပြီး တားဆီးကုသမြှုမန်စေနိုင်ပါတယ်။
အချိုမပါတဲ့ အရည်တွေများများသောက်ပါ – ဒီလိုသောက်သုံးခြင်းအားဖြင့် ရေဓာတ်ကို ဖြည့်တင်း ပေးနိုင်ပါတယ်။
ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”