၂၁ နိုဝင်ဘာ

 

၂၀၁၈ ခုနှစ် ကမ္ဘာ့ဆီးချို သွေးချိုကာကွယ်ထိန်းသိမ်းရေးနေ့ခေါင်းစဉ်ဖြင့် ကျန်းမာရေးစကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့ရာ အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ဆီးချို၊ သွေးချိုရောဂါအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာတင့်ဆွေလတ်၊ ဆေးတက္ကသိုလ် (၂)ရန်ကုန် ဆီးချိုသွေးချိုနှင့် ဟော်မုန်းရောဂါအထူးကုဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာကိုကို၊ ဆေးတက္ကသိုလ် (၁)ရန်ကုန် ဆီးချိုသွေးချိုနှင့် ဟော်မုန်းရောဂါအထူးကုဌာန ပါမောက္ခဒေါက်တာမိုးဝင့်အောင်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းသိမ်းရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

 

အစီအစဉ်မှူး။ ။ အခုဆိုရင် ကြောက်စရာကောင်းတဲ့ ဆီးချိုသွေးချိုရောဂါနဲ့ပတ်သက်လို့ ကြိုတင်ကာကွယ်မှုလည်းသိသွားပြီ။ ကြိုတင်ကာကွယ်မှုအတွက် ရောဂါဖြစ်နေသူ ကိုယ်တိုင်မဟုတ်ဘဲ ဌာနဆိုင်ရာအသီးသီးကလည်း မစ်ရှင်တစ်ခုအနေနဲ့ ပြင်ဆင်ပေးနေတော့လည်း အားတက်စရာ ကောင်းပါတယ်။ မြန်မာနိုင်ငံမှာ ဆီးချိုသွေးချိုရောဂါဖြစ်တဲ့နှုန်းနဲ့ ပတ်သက်ပြီးတော့ ပြောကြားသွားတဲ့နေရာမှာ ကိုယ်ဝန်ဆောင် မိခင်အနေနဲ့ ဆီးချိုသွေးချိုရောဂါ ဖြစ်လေ့ရှိတယ်ဆိုတဲ့ အတွက် ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ဆီးချို သွေးချိုရောဂါနဲ့ ပတ်သက်ပြီး အသေးစိတ်ရှင်းပြပေးပါဦး။

 

ပါမောက္ခဒေါက်တာမိုးဝင့်အောင်။ ။ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုသွေးချိုရောဂါ ဘာကြောင့် ဖြစ်ပွားရသလဲ။ တကယ်တော့ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ မိခင်ရဲ့အချင်းကနေထွက်လာတဲ့ ဟော်မုန်းအချို့ကနေ အင်ဆူလင်ဆိုတဲ့ သွေးတွင်းသကြားဓာတ် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်းဓာတ်ကို ဆန့်ကျင်မှုတွေ ပြုလုပ်ထားတယ်။ သွေးတွင်း သကြားဓာတ်ထိန်းသိမ်းမှုတွေမှာ မမှန်ကန်ဘဲနဲ့ ကိုယ်ခန္ဓာထဲမှာ သွေးချိုဓာတ်တွေများလာတယ်။ ကိုယ်ဝန်ဆောင်ဆီးချိုသွေးချိုရောဂါ ဘယ်လိုလူ တွေမှာဖြစ်ပွားတတ်သလဲ။ ဖြစ်ပွားနိုင်ခြေများသူတွေမှာ ပိုပြီးဖြစ်တတ်တယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တိုင်းကတော့ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ၂၄ ပတ်က ၂၈ ပတ်အတွင်း မိမိကိုယ်မှာ ဆီးချိုသွေးချို ဘယ်လောက်ရှိနိုင်သလဲဆိုတာကို မှန်ကန်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ရမယ်။ 

 

ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေရှိသူများ

 

ဖြစ်နိုင်ခြေများတဲ့သူတွေက ဘယ်လို လူတွေလဲဆိုတော့ မိခင်မျိုးရိုးပေါ့။ မိဘနဲ့ မောင်နှမတွေမှာ ဆီးချိုသွေးချိုရောဂါရှိဖူးသူတွေ၊ မိမိကိုယ်တိုင် အဝလွန်သူတွေ၊ BMI အထက်မှာ ရှိသူတွေ၊ အမျိုးသမီးဆိုရင် ပေါင် ၁၅၀ ကျော် ရှိသူတွေ၊ ယခင် ကိုယ်ဝန်ဆောင်ခဲ့တုန်းက ကိုယ်ဝန်ဆောင် ဆီးချိုသွေးချိုရောဂါ ဖြစ်ခဲ့ဖူးသူတွေ၊ အဝလွန်ကိုးပေါင်အထက် ကလေးမွေးဖွားခဲ့သူတွေ၊ ကိုယ်ဝန်ပျက်ကျဖူးသူတွေ၊ ကလေးအဖတ်မတင်သူတွေ၊ ဒါတွေဖြစ်ခဲ့ဖူးသူတွေဆိုရင် ကိုယ်ဝန်ဆောင် ဆီးချိုသွေးချိုရောဂါ ဖြစ်နိ်ုင်ခြေရှိသူများလို့သတ်မှတ်ပါတယ်။ အဲဒီလိုဖြစ်နိုင်ခြေရှိသူတွေဟာ ဆောလျင်စွာ ကိုယ်ဝန်စရှိကတည်းက ဆီးချိုသွေးချိုရောဂါ ရှိ၊ မရှိကို စစ်ဆေးသင့်တယ်။ အဲဒီလိုစစ်ဆေးရင် မှန်ကန်တဲ့စစ်ဆေးမှုတွေကို ပြုလုပ်ရမယ်။ ပြုလုပ်တဲ့အခါမှာ ဘယ်လိုမျိုး စစ်ဆေးလို့ရသလဲ။ အချိုဓာတ်ကို စစ်ဆေးတဲ့အခါမှာ OGTT လို့ ခေါ်ပါတယ်။ ၇၅ ဂရမ် ဂလူးကို့စ်ပမာဏကို ရေ ၂၀ဝ စီစီဖျော်ပြီး စစ်ဆေးတာရှိတယ်။ အခြားတစ်နည်းကတော့ ည ၁၀ နာရီနောက်ပိုင်း အစာမစားဘဲ ဆေးရုံကို မနက် ၈ နာရီလာပြီး ပထမဆုံးအကြိမ် သကြားဓာတ်စစ်ဆေးသင့်ပါတယ်။ ပြီးရင် ၇၅ ဂရမ် ပမာဏသကြားဓာတ်ကို ဖျော်ထားတဲ့ ဖျော်ရည်ကို ပေးသောက်ပြီး တစ်နာရီနဲ့ နှစ်နာရီကြားကာလမှာ ကိုယ်တွင်းသကြားဓာတ်ကို ပြန်လည်စစ်ဆေးသင့်တယ်။ ဓာတ်ခွဲစစ်ဆေးခြင်းသာအမှန်ကန်ဆုံးဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် ဆီးချုသွေးချိုရောဂါ သိရှိနိုင်မှာ ဖြစ်ပါတယ်။ 

 

သိရှိရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်မလဲဆိုရင် ကိုယ်ဝန်ဆောင် ဆီးချိုရောဂါဟာ မိခင်သာမက ကလေးအတွက်လည်း ဆိုးကျိုးများဖြစ်နိုင်ပါတယ်။ မိခင်မှာ ဘယ်လိုဖြစ်မလဲဆိုရင် ကိုယ်ဝန်ပျက်ကျတယ်။ အဝလွန်ကလေးဖြစ်တတ်တယ်။မွေးဖွားရာ ခက်ခဲတယ်။ ခွဲမွေးရတာမျိုးဖြစ်တတ်တယ်။နေ့မစေ့ဘဲ ကလေးမွေးတာမျိုးတွေ ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်းဖြစ်တတ်ပါတယ်။

 

ကလေးတွေမှာ ဘယ်လို ဆိုးကျိုးဖြစ်တတ်သလဲဆိုတော့ အဝလွန်ကလေးဖြစ်လာတယ်။ တချို့ဆိုရင် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုတွေ မမှန်ကန်ဘူး။ ဒါမျိုးတွေဖြစ်တတ်တယ်။ အကယ်၍ မွေးဖွားပြီးတဲ့အချိန်မှ သွေးတွင်းသကြားဓာတ်က ဆီးချိုဓာတ်ကျသွားပြီး အသက်အန္တရာယ်ရှိနိုင်တာမျိုးရှိတတ်တယ်။ အကယ်၍ မွေးပြီး ကောင်းတယ်ဆိုပေမယ့်လည်း ကလေးတွေ နောက်မှ ဆီးချိုသွေးချို ရောဂါဖြစ်နိုင်ခြေ များလာတတ်တယ်။

 

ဆီးချိုသွေးချိုဖြစ်ရင် ကုသနည်း သုံးနည်း

 

ထိန်းသိမ်းနိုင်တဲ့၊ ကာကွယ်နိုင်တဲ့ အချက်တွေရှိပါတယ်။ ကိုယ်ဝန်ဆောင် ဆီးချိုသွေးချိုဖြစ်ရင် ကုသနည်း သုံးနည်းရှိပါတယ်။ အစားအသောက်နေထိုင်မှုပုံစံ ပြောင်းလဲကုသမယ်ဆိုရင် တချို့ကိုယ်ဝန်ဆောင်မိခင်တွေ ဘာဆေးမှမလိုဘဲ ကိုယ်ဝန်သက်တမ်းပြည့်တဲ့အထိ နေပြီးတော့ ကျန်းမာသန်စွမ်းတဲ့ကလေးတွေ မွေးဖွားနိုင်ပါတယ်။ လိုအပ်တဲ့အခါမှာ အင်ဆူလင်ထိုးပြီး ထိန်းသိမ်းပေးရတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်း ကျန်းမာသန်စွမ်း စောင့်ရှောက်နေထိုင်နိုင်စွမ်း ဖြစ်ပါတယ်။ အရေးကြီးဆုံးအချက်က မွေးဖွားပြီးတဲ့အခါ ကိုယ်ဝန်ဆောင်ဆီးချို သွေးချိုရောဂါပျောက်သွားပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင် ဆီးချိုသွေးချိုရောဂါရှိတဲ့ မိခင်တွေက ၅၀ရာခိုင်နှုန်းသောသူများက တစ်ချိန်မှာ ဘဝသက်တမ်းတစ်လျှောက်မှာ အမှတ်(၂)အမျိုးအစား ဆီးချိုရောဂါ ဖြစ်တတ်ပါတယ်။ ဒါ့အတွက်ကြောင့်လည်း ပညာပေးပြီး ထိန်းသိမ်းပေးဖို့ လိုပါတယ်။

 

ပါမောက္ခဒေါက်တာတင့်ဆွေလတ်။ ။ဆီးချို သွေးချို ရောဂါ ကိုယ်ဝန်ဆောင်စဉ် Gestational Diabetes ဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးတွေအနေနဲ့ ပြန်ဖြစ်တတ်ပါတယ်။ နောက်ပြန်မဖြစ်ဖို့ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်နေထိုင်ပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဖို့ ဆီးချိုသွေးချိုရောဂါ စောစီးစွာသိပြီး ကာကွယ်ဖို့လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ကမွေးလိုက်တဲ့ ကလေးတွေကလည်း ကြီးလာရင်လည်း အဝလွန်ကဲကလေးဖြစ်ဖို့ ပိုများတယ်။ အဲဒီကလေးတွ ကြီးလာရင်လည်း အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါ ဖြစ်ဖို့များတယ်။ အဲဒါကြောင့်အမေမှာ ဆီးချိုသွေးချိုရောဂါဖြစ်ခဲ့ဖူးရင် ကလေးတွေကို ငယ်စဉ်ကတည်းက ကျန်းမာရေးညီညွတ်အောင်၊ အချိုရည်မသောက်သုံးဘဲ အဝလွန်ကဲမှုမဖြစ်အောင်၊ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်နေထိုင်ကြအောင်၊ ကျန်းမာရေးလေ့ကျင့်ခန်းတွေ ငယ်ငယ်ကတည်းကစပြီး လုပ်ပေးဖို့ နောင်တစ်ချိန်အသက်ကြီးလာရင် ဆီးချိုသွေးချိုမဖြစ်အောင်ကာကွယ်ထားဖို့လိုပါတယ်။ အမေရော ကလေးရောသည် နောင်တစ်ချိန် ဆီးချိုသွေးချိုရောဂါဖြစ်နိုင်တဲ့အတွက် သူတို့ကို အထူးအာရုံစိုက်ပြီးကာကွယ်ဖို့ အရေးကြီးပါတယ်။

 

အစီအစဉ်မှူး။ ။ ဒီနေ့မှာ နိုင်ငံတကာ ဆီးချိုသွေးချိုရောဂါကာကွယ် ထိန်းသိမ်းရေးနေ့ဆိုပြီးတော့ ပတ်ဝန်းကျင်တွေမှာဆိုလည်း ဆီးချိုရောဂါဖြစ်ပြီးတော့ နောက်ဆက်တွဲ ဝေဒနာခံစားရသူတွေ ဆရာကြီးတို့ ဆွေးနွေးသလိုပဲ မိသားစုမှာ ဝန်ထုပ်ဝန်ပိုးတွေ ပိနေရပါတယ်။ ဒါတွေက ဘာကြောင့်ဖြစ်လာသလဲ၊ ဘယ်လိုထိ ကာကွယ်လို့ရသလဲ။ ကုသလို့ရသလဲ၊ အသေးစိတ် သိရှိရတဲ့အတွက် ပြည်သူတွေအတွက် အများကြီး အကျိုးရှိမယ့်အပြင် ဌာနဆိုင်ရာတွေအနေနဲ့ ကာကွယ်ထိန်းသိမ်းရေးအတွက် အားစိုက်ပြီးတော့ ပြင်ဆင်ပေးနေတာသိရတဲ့အတွက် ဝမ်းမြောက်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့စကားဝိုင်းမှာ ပြည်သူတွေအတွက် ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေး၊ ကုသရေးနဲ့ပတ်သက်ပြီး မှတ်သားစရာအချက်အလက်တွေကို စကားလက်ဆောင်အဖြစ်မျှဝေပေးပါ။

 

ပါမောက္ခဒေါက်တာတင့်ဆွေလတ်။ ။စကားဝိုင်းဆွေးနွေးပွဲ အဆုံးမသတ်ခင်မှာ Take Home Message ပေါ့။ ပြောချင်တာကတော့ ဒီရောဂါသည် ငါ့မှာ  မျိုးရိုးရှိတယ်။ မျိုးရိုးမရှိဘူး။ ဆင်းရဲတယ်။ ချမ်းသာတယ်။ ငါက ပိန်တယ်။ ဝတဲ့သူမှာဖြစ်တာ၊ ငါတောမှာနေတာ၊ မြို့မှာနေတာ မဟုတ်ဘူး။ အဲဒီလိုအယူအဆတွေ မလွဲမှားကြဘဲ တောရောမြို့ပါမကျန် ဆင်းရဲချမ်းသာမရွေး၊ ဘာသာမရွေး၊ လူမျိုးမရွေး ဝသည်၊ ပိန်သည်ဖြစ်စေ လူတိုင်းဖြစ်နိုင်တဲ့ ရောဂါဖြစ်နေတယ်။ ဆီးချိုသွေးချိုရောဂါကာကွယ်ရေးသည် လူတိုင်းအရေးကိစ္စ ဖြစ်ပါတယ်။ တစ်ယောက်ချင်းအနေနဲ့ ရှေ့က ဆွေးနွေးခဲ့သလို ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းတွေ ပုံမှန်လှုပ်ရှားပြီး အဝလွန်မသွားအောင် နေထိုင်သွားဖို့ လိုပါတယ်။ ဒါက Individual Prevention ပါ။နောက်ပြီး တာဝန်ရှိသူတွေအနေနဲ့လည်း ပြည်သူလူထုစားသုံးနေတဲ့ အစားအစာတွေ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာဖြစ်အောင်၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပိုပြီးလုံခြုံစိတ်ချစွာ လုပ်နိုင်အောင် အခွင့်အလမ်းတွေပေးဖို့ အရက်ဆေးလိပ် အချိုရည်သောက်သုံးခြင်း တတ်နိုင်သလောက်ထိန်းသိမ်းပေးဖို့၊ Population တစ်ခုလုံးရဲ့ Risk Factor တွေကို လျှော့ချနိုင်ဖို့ ကာကွယ် ထိန်းသိမ်းခြင်းသည် လူတစ်ဦးချင်းတစ်ယောက်ချင်းရဲ့ တာဝန်ဖြစ်သလို နိုင်ငံတော်က ဦးစားပေးလုပ်ရမယ့် တာဝန်ဖြစ်တယ်လို့ ပြောကြားလိုပါတယ်။

 

ပါမောက္ခဒေါက်တာကိုကို။ ။ ဆီးချိုသွေးချိုက လူတိုင်းဖြစ်နိ်ုင်တယ်။ ပေးချင်တဲ့ Message က အသက် ၄၅ နှစ်ကျော်တဲ့လူတိုင်း ဆီးချိုသွေးချိုစစ်သင့်တယ်။နီးစပ်ရာဆေးခန်းတွေမှာ သွားစစ်ပေးပါ။ ဆီးချိုသွေးချိုက မဖြစ်ခင်က ကာကွယ်လို့ရတယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက်မှု လူတိုင်းလူတိုင်းလုပ်ကြပါ။ အတိအကျပြောရင် ချိုလွန်း၊ ငန်လွန်း၊ အဆီများတဲ့ အစားအသောက်တွေ တတ်နိုင်သလောက် လျှော့ချပါ။ ရေဆာရင် ရေသောက်ပါ။ အချိုရည်မသောက်ပါနဲ့။ ကျန်းမာရေးညီညွတ်အောင် လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်လုပ်နေတဲ့ အလုပ်တွေကို လေ့ကျင့်ခန်း အနေနဲ့လုပ်ပါ။ တစ်ပတ်ကို ငါးရက် မိနစ် (၁၅၀)လုပ်ပါ။ တတ်နိုင်သလောက် ဝမလာအောင် ထိန်းသိမ်းပေးပါ။ ကျန်းမာရေးညီညွတ်တဲ့ သွက်လက်လှုပ်ရှားမှုစတိုင်နေပါ။ ဆေးလိပ်သောက်ခြင်းရှောင်ပါ။ စိတ်ဖိစီးမှုကာကွယ်လို့ရှိရင် ၅၈ ရာခိုင်နှုန်းကာကွယ်နိုင်ပါတယ်။ ဒါတွေကို လူတစ်ယောက်ချင်းက ဆောင်ရွက်ပေးမယ်ဆိုရင် ဒီဆီးချိုရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

 

ပါမောက္ခဒေါက်တာမိုးဝင့်အောင်။ ။ဆီးချိုသွေးချိုဝေဒနာရှင်တွေက မှန်ကန်တဲ့ဆေးဝါးတွေ မှန်ကန်တဲ့ အချိုးအစားနဲ့ သောက်သုံးဖို့လိုပါတယ်။ မှန်ကန်တဲ့ကုသမှုကို ခံယူဖို့လိုတဲ့အတွက်ကြောင့်မို့လို့ မိမိသွေးတွင်းသကြားဓာတ်တွေကိုလည်း ပုံမှန်စစ်ဆေးနေပြီးတော့ မိမိဆီးချိုအဆင့်က ဘယ်လောက်ထိရှိလဲ။ ကိုယ့်ကျောက်ကပ်ပျက်စီးမှု ရှိ၊ မရှိ ။ မျက်စိဒါတွေကို စစ်ဆေးပြီးတဲ့အခါ ဆီးချိုသွေးချိုဝေဒနာရှင်တွေ ကျွမ်းကျင်သူများနဲ့ ကုသမှုခံယူသင့်ပါတယ်။

 

ထိုသို့ ကုသမှသာလျှင် မိမိဆီးချိုသွေးချို ရောဂါအစဉ်အလိုက် မှန်ကန်တဲ့ ဆေးဝါးတွေကို တစ်ဆင့်ပြီး တစ်ဆင့်တက်ပြီး ကုသပေးမှသာလျှင် နောက်ဆက်တွဲရောဂါများကို မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီးတိုင်း ကိုယ်ဝန်ဆောင်တဲ့အခါမှာ မိမိတို့ ဆီးချိုသွေးချိုရောဂါ ရှိနိုင်ခြေ ရှိ၊ မရှိ အချက်တွေကြည့်ပြီး ကိုယ်ဝန်ဆောင် ဆီးချိုသွေးချို ရှိ၊ မရှိ ကြိုတင်စစ်ဆေးခြင်းဖြင့် မိမိသန္ဓေသားကို အောင်မြင်ကျန်းမာစွာ ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။

 

ဒေါက်တာကျော်ကံကောင်း။ ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုယ်စား ပြည်သူလူထုကို မှာချင်တဲ့ အကြောင်းအရာတွေရှိပါတယ်။ သက်ဆိုင်တဲ့ဌာနဆိုင်ရာတွေကိုလည်း အကူအညီတောင်းချင်တဲ့ အကြောင်းအရာတွေရှိပါတယ်။ ဒီရောဂါကဖြစ်ပွားမှုများပြားတယ်။ နောက်ဆက်တွဲဖြစ်ရပ်များကိုလည်း အားလုံးဆွေးနွေးပြီးပါပြီ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ ဖွင့်လှစ်ပြီးပြည်သူလူထုကို စောင့်ရှောက်မှုပေးနေတဲ့ ဆေးခန်းတွေရှိပါတယ်။

 

ကျေးလက်ကျန်းမာရေးဌာန ဆီးချိုသွေးချိုရောဂါကုသရေးဆေးခန်းတွေ ရှိပါတယ်။ လက်ရှိလည်း ဆောင်ရွက်ပေးနေပါတယ်။ ယခင်က ရောဂါဖြစ်ပွားတာ ကိုယ့်ဘာသာကို မသိပါဘူး။ ခေါင်းမူး၊ ဆီးသွားများ၊ အိပ်မပျော်ဘူးဆိုမှ နီးစပ်ရာဆေးခန်းတွေကို ရောက်လာမှ ဆရာဝန်ကိုပြပြီး ဆေးစစ်မှ သိပါတယ်။ အခုကကျန်းမာရေးဌာနတွေမှာ စစ်ဆေးပေးနေပါတယ်။

 

လာရောက်ကုသမှု ခံယူဖို့ ကြိုဆို

 

စစ်ဆေးပေးမယ့် လူနာတွေကိုလည်း သတ်မှတ်ချက်ရှိပါတယ်။ အသက်(၄၅)နှစ် ကျော်ရင်၊ မိမိကိုယ်တိုင် ဆေးလိပ်သောက်တာ အရက်သောက်တာ ကွမ်းစားတာ များတဲ့သူတွေ၊ မိမိကိုယ်တိုင် ကျန်းမာရေးနဲ့ ညီညွတ်အောင်မနေဖြစ်ဘဲ ဗိုက်ပူ၊ ခါးတုတ်လာသူတွေ၊ မိမိကိုယ်တိုင် သံသယရှိသူတွေ၊ ဆီးချိုလက္ခဏာတွေဖြစ်တဲ့ ဆီးမကြာခဏသွားသူတွေ၊ ရေငတ်မယ်၊ ခန္ဓာကိုယ်အလေးချိန်လျော့ကျသွားမယ်။ မိမိမှာ မျိုးရိုးလိုက်တာတွေလည်း ဖြစ်တတ်တယ်။ ကိုယ့်ရဲ့ မျိုးရိုးထဲ ဆီးချိုသွေးချိုရောဂါ ခံစားရဖူးသူတွေ ဒီအမျိုးအစားတွေ ဖြစ်ကြတဲ့ ကျားမ မရွေးပုဂ္ဂိုလ်တွေ ဝန်ကြီးဌာနအောက်က ဆေးခန်းတွေကိုလာကြပါ။ သွေးပေါင်ချိန်ပေးပါ့မယ်။ ဆီးချိုစစ်ဆေးပေးမယ်။ တစ်ကြိမ်တည်း ဖောက်ရုံနဲ့ ရောဂါသတ်မှတ်လို့မရဘူး။ လိုအပ်တဲ့အတိုင်း တစ်ကြိမ်ဖောက်တာနဲ့ မသေချာလို့ ချိုတာ စားထားမယ်ဆိုရင် အချိုဓာတ်များနေတတ်ပါ တယ်။ နောက်နေ့ပြန်ချိန်ပြီး ည ၁၀ နာရီ နောက်ပိုင်းဘာမှမစားဘဲ ကျန်းမာရေးဌာနလာခဲ့ပါ။ အားလုံး ဆင့်ကဲဆင့်ကဲ ကြီးကြပ်မှုနဲ့ Service ပေးနေပါတယ်။ ပြည်သူလူထုကိုလည်း လာရောက်ကုသမှုခံယူဖို့ ကြိုဆိုပါတယ်။

 

နောက်တစ်ခုက ရောဂါဖြစ်စေနိုင်တဲ့ ဆေးလိပ်၊ အရက်တို့ ကျန်းမာရေး နဲ့မညီညွတ်တဲ့ အစားအသောက်တွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တစ်ခုတည်းက ထိန်းချုပ်ဆောင်ရွက်လို့မရဘူး။ သက်ဆိုင်ရာ နှီးနွှယ်ဝန်ကြီးဌာနတွေနဲ့၊ ပြည်ထောင်စုအဆင့်မှာ မူဝါဒချမှတ် ရမယ်။ ဥပဒေပြဋ္ဌာန်းရမယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက အမျိုးသားရေးအသွင်ဖြင့် ပူးပေါင်းပါဝင်ပါလို့ မေတ္တာရပ်ခံလိုပါတယ်။ ။

 

နန္ဒာဝင်း၊ ဥမ္မာသန့်၊ ဓာတ်ပုံ-လှမိုး