နီဇော်သစ်
ငါး၊ သံလွင်ဆီနှင့် သစ်ကြားသီးတို့ကို များများစားပေးပြီး အာလူးကြော်၊ ဘီစကွတ်နှင့် မယိုးနိစ်တို့ကို ချင့်ချင့်ချိန်ချိန် စားသုံးခြင်းသည် အစောပိုင်းအဆင့် ဆီးကျိတ်ကင်ဆာကြီးထွားမှုကို နှေးစေနိုင်ကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြသည်။
လက်ရှိ ဆီးကျိတ်ကင်ဆာ ဝေဒနာရှင်တို့ကို အဆက်မပြတ်စောင့်ကြည့်ခဲ့သော လေ့လာမှုအသစ်တစ်ခုက သာမန်အစားအသောက် ပြောင်းလဲလိုက်ရုံဖြင့် ဆီးကျိတ်ကင်ဆာကြီးထွားနှုန်းကို ရပ်တန့်နိုင်လောက်သည်အထိ အကျိုးဖြစ်စေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုကုသနည်းမှာ ကင်ဆာအကျိတ်ကို ချက်ချင်းခွဲထုတ်ခြင်းမျိုး မလုပ်ဘဲ ပုံမှန်စောင့်ကြည့်ကုသသည့် နည်းလမ်းတစ်ခုဖြစ်သည်။
ကယ်လီဖိုးနီးယား တက္ကသိုလ် လော့စ်အိန်ဂျလိစ်မှ ဆီးလမ်းကြောင်းဆိုင်ရာ ပါမောက္ခ ဒေါက်တာ ဝီလျံအရွန် ဆင်က “ဒါကဆီးကျိတ်ကင်ဆာအပေါ် အစားအသောက်က ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို နားလည်နိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပါ။ ကင်ဆာဖြစ်တဲ့ လူတော်တော်များများကသူတို့ရဲ့ စားသောက်နေထိုင်မှုပုံစံကို ပြောင်းပြီး သူတို့ရောဂါတိုးမလာအောင် လုပ်ချင်ကြပါတယ်”ဟု ဆိုသည်။
အန္တရာယ်နည်းသည့် ဆီးကျိတ်ကင်ဆာဖြစ်သူ တော်တော်များများသည် ခွဲစိတ်ကုသရန်၊ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုတို့ထက် စောင့်ကြည့်လေ့လာကုသမှုတို့ကို ပိုမိုလိုလားကြသည်။ သို့သော် ပြီးခဲ့သည့် ငါးနှစ်အတွင်း ထိုကဲ့သို့ ဝေဒနာရှင် တစ်ဝက်ကျော်မှာ ခွဲစိတ်ကုသမှု၊ ဓာတ်ရောင်ခြည်ကုထုံးတို့ ခံယူခဲ့ကြရသည်။
“ကျွန်တော်တို့ရဲ့ တွေ့ရှိမှုက အစားအသောက်ကို ရိုးရိုးရှင်းရှင်း ထိန်းညှိလိုက်တာဟာ ကင်ဆာကြီးထွားမှုကို နှေးသွားစေပြီး ကြီးကြီးမားမားလုပ်စရာမလိုခင် အချိန်ကိုဆွဲဆန့်နိုင်စေပါတယ်” ဟု ဒေါက်တာအရွန်ဆင်က ထပ်လောင်း ပြောကြားသည်။
Ref: DailyMail