၂၈  စက်တင်ဘာ

 

အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး ဆီးလမ်းကြောင်းပိုးဝင်နေတဲ့ ဝေဒနာရှင်အတွက်တော့ ခံစားရတာ သက်သာလှတယ်မဟုတ်ပါဘူး။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် မကုသဘဲ ပစ်ထားလိုက်တဲ့အခါမှသာ ကိုယ်တွင်းအင်္ဂါတွေကိုပါ ဒုက္ခပေးပြီး အသက်သေဆုံးနိုင်တဲ့အထိ ပြင်းထန်တာပါ။

 

ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ အတွေ့များတဲ့ လက္ခဏာတွေကတော့

 

၁။ ဆီးသွားတဲ့အခါ ဆီးလမ်းကြောင်းတစ်လျှောက် ပူစပ်ပူလောင်ဖြစ်ခြင်း

 

၂။ မကြာခဏ ဆီးသွားချင်စိတ် ဖြစ်နေခြင်း

 

၃။ ဆီးအရောင်က အဖြူနောက်နောက် သို့မဟုတ် အညိုရောင်၊ လိမ္မော်ရောင်သမ်းနေခြင်း

 

၄။ ဆီးအနံ့အရမ်းပြင်းခြင်း

 

၅။ ဆီးသွားပြီးသွားတဲ့အခါ အထဲမှာဆီးကျန်နေသေးသလို ခံစားရခြင်း

 

၆။ တင်ပဆုံရိုးအောင့်ခြင်း၊ နာကျင်ကိုက်ခဲခြင်းတွေ ခံစားရနိုင်ပါတယ်။

 

ဒါကြောင့် ကိုယ့်မှာ ဆီးလမ်းကြောင်းပိုးဝင်နေတယ်လို့ သံသယရှိရင်တော့ ဆေးခန်း၊ ဆေးရုံတွေမှာ ဆီးစစ်ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ ရောဂါဝေဒနာအမြန်ဆုံး သက်သာပျောက်ကင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပဋိဇီဝပိုးသတ်ဆေး (Antibiotics) တွေကို ဆရာဝန်ရဲ့ ဆေးအညွှန်းအတိုင်း သောက်ဖို့ လိုအပ်ပါတယ်။ ဆေးအပြင် တခြားလုပ်ပေးလို့ရမယ့် အိမ်တွင်းကုထုံးတွေအနေနဲ့

 

၁။ အရည်များများ သောက်ပေးပါ။

အရည်ဆိုတဲ့နေရာမှာ အဓိကက ရေကို များများသောက်ပေးရမှာဖြစ်ပြီး ပုံမှန်ထက်ကို ပိုသောက်ပေးဖို့ လိုပါတယ်။ တစ်နေ့ကို ရေ ၃လီတာနဲ့ အထက် သောက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အရည်တွေအနေနဲ့ သစ်သီးဖျော်ရည်၊ ကြက်စွပ်ပြုတ်၊ ဆန်ပြုတ်၊ ချင်းပြုတ်ရည်၊ ရေနွေးကြမ်းတွေကို သောက်လို့ရပါတယ်။ အရည်များများသောက်ပေးခြင်းဖြင့် ကိုယ်ခန္ဓာတွင်းရေဓာတ်ကို ဖြည့်တင်းပေးတဲ့အပြင် ဆီးသွားလိုက်တဲ့အတွက် ဆီးလမ်းကြောင်းထဲမှာရှိနေတဲ့ ဘက်တီးရီးယားပိုးတွေကို အပြင်ဘက်ကို ပိုထွက်လာစေပါတယ်။

 

၂။ ဗီတာမင် စီ ပြည့်ဝနေပါစေ။

ဗီတာမင် စီ ကို အသားအရေလှစေဖို့၊ ကိုယ်ခံအားကောင်းစေဖို့၊ အဖျားတာတိုစေဖို့ အကျိုးရှိအာဟာရအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒီနေရာမှာ ဗီတာမင် စီရဲ့ အလုပ်လုပ်ပုံကတော့ ဆီးရဲ့အက်စစ်ပါဝင်မှုနှုန်းကို မြှင့်တင်ပေးလို့ ဆီးလမ်းကြောင်းတွင်းရှိ ဘက်တီးရီးယားပိုးတွေကို သေစေပြီး ရောဂါကို လျင်မြန်စွာ သက်သာစေတာပဲ ဖြစ်ပါတယ်။ ဗီတာမင် စီ ကို အချဉ်ဓာတ်များတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေမှာ အများဆုံး တွေ့ရပြီး ကိုယ့်အနေနဲ့ ဗီတာမင် စီမလုံလောက်ဘူးလို့ ခံစားရပါက ဆရာဝန်ရဲ့ ဆေးညွှန်းနဲ့ ဗီတာမင် စီ ဖြည့်စွက်အားဆေးတွေကို သောက်ပေးလို့ရပါတယ်။ ဗီတာမင် စီကို နေ့စဉ်ပြည့်ဝစွာ ရရှိတဲ့သူတွေမှာလည်း ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေ နည်းတာကို တွေ့ရပါတယ်။

 

၃။ သစ်သီးဖျော်ရည်တွေ သောက်ပေးပါ။

သဘာဝသစ်သီးတွေကို နို့ဆီ၊ သကြားအချိုတွေလုံးဝမထည့်ဘဲ လက်နဲ့ဖြစ်စေ၊ စက်နဲ့ကြိတ်ပြီး သောက်သုံးပေးနိုင်ရင်လည်း အဆင်ပြေပါတယ်။ စတော်ဘယ်ရီသီးလို ဘယ်ရီသီးတွေ၊ လိမ္မော်သီး၊ ပန်းသီး၊ ဖရဲသီးလိုမျိုး အရည်ရွှမ်းပြီး ဗီတာမင်ကြွယ်ဝတဲ့ အသီးအနှံတွေကို ကြိတ်ပြီးဖျောက်သောက်လို့လည်း အဆင်ပြေပါတယ်။ နေ့တိုင်း တစ်နေ့တစ်ခွက်သောက်ပေးရုံနဲ့ လုံလောက်ပါတယ်။

 

၄။ ကိုယ်ခန္ဓာအကျိုးပြု ဘက်တီးရီးယား (Probiotic) တွေ များနေပါစေ။

Probiotic ဆိုတဲ့ ကိုယ်ခန္ဓာအကျိုးပြုဘက်တီးရီးယားတွေကို အချဉ်ဖောက်ထားတဲ့ အစားအစာတွေကနေ အများဆုံးရရှိပါတယ်။ သူ့ရဲ့အကျိုးပြုပုံကတော့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အစာချေဖျက်နိုင်စွမ်းကို မြှင့်တင်ပေးတယ်။ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကိုလည်း တိုက်ထုတ်ပေးတဲ့ ကိုယ်ခန္ဓာအတွက် မရှိမဖြစ် အကျိုးပြုဘက်တီးရီးယားဆိုလည်း မမှားပါဘူး။ ဆီးလမ်းကြောင်းပိုးဝင်တဲ့ ပြဿနာပျောက်သွားတဲ့အခါ နောက်တစ်ခါထပ်ပြီး မဖြစ်စေအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ Probiotic တွေကို ဒိန်ချဉ်၊ ကင်ချီတွေနဲ့ ကီဖာလို့ခေါ်တဲ့ အချဉ်ဖောက်ထားတဲ့အရည်တွေကနေ ရရှိနိုင်ပါတယ်။

 

၅။ နေထိုင်မှုပုံစံကို ဂရုစိုက်ပါ။

ဆီးသွားချင်ပြီဆိုရင် ဆီးမအောင့်ထားပါနဲ့။ ဆီးအောင့်ထားတဲ့အခါ ဆီးလမ်းကြောင်းအတွင်း ဘက်တီးရီးယားပိုးတွေ လျင်မြန်စွာ ပေါက်ဖွားစေနိုင်တဲ့အတွက် ဆီးသွားချင်တဲ့ဆန္ဒဖြစ်ပေါ်လာပြီဆိုရင် ချက်ချင်းထသွားလိုက်ပါ။ အမျိုးသမီးတွေဆိုရင် ဆီးသွားပြီးလို့ သန့်ရှင်းရေးလုပ်တဲ့အခါ အရှေ့မှ အနောက်ဘက်သို့ သန့်ရှင်းတဲ့ တစ်သျှူးနဲ့သေချာသုတ်ပြီးမှ ဘောင်းဘီကို ပြန်ဝတ်ပါ။ လိင်ဆက်ဆံပြီး နာရီဝက်အတွင်း ဆီးတစ်ကြိမ်တော့ အနည်းဆုံးသွားပါ။ ရေသောက်ဖို့ မပျင်းပါနဲ့။

 

ဒီနည်းလမ်းတွေက ကိုယ့်အိမ်မှာ အလွယ်တကူပြုလုပ်လို့ရပြီး ဆီးလမ်းကြောင်းပိုးဝင်တဲ့ ပြဿနာကို အမြန်ဆုံးသက်သာပျောက်ကင်းစေဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ဆိုတာ မြန်မြန်သိပြီး ကုသမှုခံယူလေ ပျောက်ဖို့အရမ်းလွယ်ကူတာကြောင့် ကိုယ့်ကျန်းမာရေးကိုယ် မပေါ့ဆဖို့၊ အမြဲသတိရှိဖို့ ထပ်ပြီးတိုက်တွန်းပေးလိုက်ပါတယ်။

 

ရေးသားသူ -Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"