၇ ဇန်နဝါရီ
ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းတွင် ဆီးနှင်းများထူထပ်စွာကျဆင်းမှုကြောင့် နှစ်သစ်ကူးအားလပ်ရက်များအတွင်း အရေးပါသောလေဆိပ်တစ်ခု၌ ခရီးသည် ၂၀၀၀ ဝန်းကျင် တစ်ညတာ သောင်တင်ခဲ့ကြောင်းသိရသည်။
ဆပ်ပိုရိုမြို့အနီး ချီတိုဆီလေဆိပ်သစ်ရှိ လေယာဉ်တက်ရန်စာရင်းသွင်းသည့်ကောင်တာများ၌ စနေနေ့က လေယာဉ်ခရီးစဉ် ၁၀၅ ခု ဖျက်သိမ်းပြီးနောက် အိမ်ပြန်ရန်အတွက် လေယာဉ်လက်မှတ်ဖြတ်ရန် ကြိုးပမ်းနေသူများနှင့် ပြည့်နှက်သွားခဲ့သည်။
လုံခြုံရေးဂိတ်တစ်ခုအနီး၌ လုံခြုံရေးဝန်ထမ်းများ ထုတ်ပေးခဲ့သည်ဟုဆိုသော အိပ်စင်များ၊ စောင်များ စုပြုံနေခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သည့် အသက် ၇၁နှစ်အရွယ် မီချိုမန်ဒါက တိုကျိုမြို့ ဟာနဲဒါလေဆိပ် သို့ပြန်မည့် ၎င်း၏ခရီးစဉ်မဖျက်သိမ်းမီအထိ မိသားစုနှင့်အတူ အားလပ်ရက်များအတွင်း အတူရှိနေခဲ့ကြောင်း ပြောကြားသည်။
“ကြမ်းပြင်ကမာတဲ့အတွက် တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ဘူး။ လေယာဉ်ခရီးစဉ် ဘယ်အချိန်မှာ ပြန်ပြေးဆွဲမယ်ဆိုတာ ဘယ်သူမှလည်းမပြောဘူး။” ဟု ၎င်းက ပြောကြားသည်။
တနင်္လာနေ့တွင် ထွက်မည့် လေယာဉ်ခရီးစဉ်မှာ လက်မှတ်ဖြတ်ထားသူများနှင့်ပြည့်နေကြောင်း၊ လေယာဉ်ခရီးစဉ် ဖျက်သိမ်းခံခဲ့ရသူများအနေဖြင့် အစားထိုးလက်မှတ်ရရှိရန် မနက်ဖြန်အထိ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူများက ပြောကြားသည်။
စနေနေ့ညနေပိုင်းတွင် ရုတ်တရက် ဆီးနှင်းများ အကြီးအကျယ်ကျဆင်းခဲ့မှုကြောင့် လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းလိုက်ကာ လေဆိပ်အော်ပရေတာက ဆီးနှင်းများဖယ်ရှားဂန် လေဆိပ်ပြေးလမ်းကို ပိတ်ဆို့ခဲ့ရသည်။
ဂျပန်နိုင်ငံ၏ နှစ်သစ်ကူးအားလပ်ရက်များမှာ အစဉ်အလာအားဖြင့် ဇန်နဝါရီလ ၃ ရက်တွင် စတင်သည်။
ကိုးကား-ကျိုဒို
ဘာသာပြန်-မေဇော်ထက်