ကေတာ
အစိမ်းရောင်အပင်မှ ကိုင်းများစွာ ဖြာထွက်လာပြီး ကိုင်းများအားလုံးမှ အဝါရောင်နေကြာပန်းကဲ့သို့၊ စိန်ခြယ်ပန်းကဲ့သို့ ပန်းပွင့်လေးများ ပွင့်ဖူးလာသည်။ အပင်တစ်ပင်တွင် ပန်းပွင့် ၄၀ ဝန်းကျင်ပွင့်ဖူးတတ်ပြီး ပွင့်ဖတ်များသည် သက်တမ်းရင့်လာသည့်အခါ အဝါရောင်မှ ရွှေရောင်တောက်ပလာတော့သည်။
ဆောင်းဝင်ကာလတွင် တောင်တန်းနှင့် မြေပြန့်ဒေသများတွင် တွေ့ရတတ်ပြီး ပန်းပွင့်ချိန်တွင် တစ်ခင်းလုံး ဝါထိန်နေတတ်သည့် ဆီထွက်သီးနှံ ပန်းနှမ်းပင်များဖြစ်သည်။ ပန်းနှမ်းပင်သည် (သိပ္ပံနာမည် Guizotia abyssinica) ဖြစ်ပြီး မူရင်းဒေသမှာ အာဖရိကတိုက်တွင်ဖြစ်သည်။ ဥရောပနိုင်ငံများ၌ ငှက်ငယ်များ အစာကျွေးရန် စတင်စိုက်ပျိုးခဲ့ကြရာမှ ပန်းနှမ်းစေ့သည် သင်္ဘောဆေး၊ ဆပ်ပြာ၊ ပန်းနှမ်းဆီ ကြိတ်ဖတ်မှ တိရစ္ဆာန်အစာ (ပဲဖတ်၊ နှမ်းဖတ်)ကဲ့သို့ အသုံးပြုနိုင်သည့်အတွက် အိန္ဒိယ၊ ပါကစ္စတန်နှင့် အရှေ့တောင်အာရှနိုင်ငံများ၌ စိုက်ပျိုးလာကြသည်။
ဆောင်းကာလတွင် စိုက်ပျိုးသည့်သီးနှံဖြစ်ပြီး ပူနွေးသောဒေသရာသီများ၌ စိုက်ပျိုးဖြစ်ထွန်းသည်။ ပန်းနှမ်းသည် ရေကြမ်း၊ မြေကြမ်း၊ ရာသီဥတုကြမ်းတမ်းမှုကိုခံနိုင်သည့် အပင်အမျိုးအစားဖြစ်သဖြင့် မြန်မာနိုင်ငံ ဒေသအနှံ့စိုက်ပျိုးနိုင်သည့် အပင်တစ်မျိုးဖြစ်သည်။ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့တွင် အဓိကစိုက်ပျိုးလျက်ရှိသည်။ ကလော၊ အောင်ပန်း၊ တောင်ကြီးနှင့် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး၊ စစ်ကိုင်း၊ အင်းဝ၊ တံတားဦးဝန်းကျင်တွင် တွေ့ရတတ်သည်။
တစ်ရာသီပင်ဖြစ်ကာ မျိုးကွဲအလိုက် သက်တမ်းရက် ၉၀ မှ ၁၅၀ အထိ ရှိတတ်သည်။ ရေငတ်ဒဏ် ခံနိုင်သည့်အတွက် မိုးနည်းရေရှား၊ မိုးခေါင်ဒေသများနှင့် ကိုက်ညီသည့်သီးနှံဖြစ်သည်။
ဆီထွက်သီးနှံစိုက်ပျိုးမှုတွင် အရင်းအနှီးနည်းနည်းဖြင့် သုံးလခန့် ကာလတိုဖြင့် အကျိုးခံစားခွင့်ရသော သီးနှံဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် နေကြာနှင့် ပန်းနှမ်းကို သီးညှပ်စိုက်ပျိုးရာ အထွက်နှုန်း နှစ်ဆခန့် ထွက်ရှိကြောင်း ပညာရှင်များက ဆိုကြသည်။ ပန်းနှမ်းစေ့သည် သေးငယ်ပေါ့ပါးပြီး မျိုးစေ့ချလျှင် ညီညာစေရန် သဲ၊ ပြာတို့နှင့် ရောနှောပြီး စိုက်သင့်သလို ကြဲပက်၍လည်း စိုက်ပျိုးလေ့ရှိသည်။
ပန်းနှမ်းကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လများတွင် ထွက်ရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်းအရ ၂၀၂၁ ခုနှစ်တွင် ပန်းနှမ်းရည်မှန်းစိုက်ဧက ၃၄၃၉၁၅ ဧကရှိပြီး အထွက် တင်းပေါင်း ၃၇၆၃၃၁၀ ထွက်ရှိခဲ့သည်။
ပြီးခဲ့သည့် ပန်းနှမ်းရာသီချိန်တွင် သုံးတင်းဝင် (၄၅ ပိဿာ) တစ်အိတ်လျှင် ငွေကျပ် ၁၈၀၀၀ ဖြင့် အဖွင့်ဈေး စခဲ့သော်လည်း ယခုအချိန်တွင် ၂၁၀၀၀၀ ဝန်းကျင်နှုန်းအထိ ဈေးကောင်းရရှိခဲ့သည်။
ပန်းနှမ်းအစေ့များကို ဆီထုတ်လုပ်ရန်အတွက် စိုက်ပျိုးထုတ်လုပ်
ပန်းနှမ်းပင်၏ အပွင့်များသည် အဝါရင့်ရောင်ဖြစ်သည့်အတွက် ပျားနှင့်ဝတ်ရည်စုပ် အင်းဆက်များကို ဆွဲဆောင်နိုင်သည်။ ပန်းနှမ်းအစေ့တွင် အသားဓာတ်၊ အဆီဓာတ်နှင့် ပျော်ဝင်သကြားဓာတ်များ ပါဝင်ပြီး ပန်းနှမ်းအစေ့များကို ဆီထုတ်လုပ်ရန်အတွက် စိုက်ပျိုးထုတ်လုပ်ကြသကဲ့သို့ အနောက်နိုင်ငံများတွင် ငှက်စာအဖြစ် တင်ပို့ ရောင်းချကြသည်။
ထို့အတူ ပန်းနှမ်းစေ့ (Niger Seed) ကို ကြိတ်ကာ စားသုံးဆီအဖြစ်လည်း အသုံးပြုနိုင်သည်။ တောင်ပေါ်ဒေသတွင် စားသုံးဆီအဖြစ် သုံးစွဲမှုရှိနေသော်လည်း တွင်ကျယ်မှုနည်းပါးနေသေးသည်။ ပန်းနှမ်း ဆီသည် ဈေးကွက်ထဲတွင် ရောင်းချနေသော ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများနှင့်ယှဉ်လျှင် ကျန်းမာရေးအတွက် သင့်လျော်သည့်အတွက် ဆီထွက်သီးနှံအဖြစ် တိုးချဲ့စိုက်ပျိုးရန် အလားအလာရှိသော သီးနှံတစ်ခုဖြစ်သည်။
ပန်းနှမ်းကို အလှကုန်ပစ္စည်းနှင့် ဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းများတွင် အသုံးပြု
ပန်းနှမ်းကို ရှမ်းပြည်နယ်ကဲ့သို့ တောင်ပေါ်ဒေသများတွင် ဆီကြိတ်ပြီး မုန့်လုပ်ငန်းများတွင် အကြော်ဆီအဖြစ် အသုံးပြုလျက်ရှိသည်။ ပြည်ပနိုင်ငံများတွင် ပန်းနှမ်းကို စားသုံးဆီအဖြစ် အသုံးပြုခြင်းထက် အလှကုန်ပစ္စည်းနှင့် ဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းများတွင် အသုံးပြုလျက်ရှိသည်။
ပြည်ပတင်ပို့မှုအနေဖြင့် ပန်းနှမ်းကို အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က ဝယ်ယူမှုရှိပြီး စျေးကောင်း ရရှိနေသည်ဟုလည်း သိရသည်။ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ပန်းနှမ်း ပြည်ပတင်ပို့မှု တန်ချိန် ၁၀၇၉၇ ဒသမ ၃၅၀ တန် (အမေရိကန်ဒေါ်လာ ၇ ဒသမ ၀၀၂ သန်း) တင်ပို့နိုင်ခဲ့သည်။
ပန်းနှမ်းသည် မြန်မာနိုင်ငံရှိ ဆီထွက်သီးနှံများတွင် တစ်မျိုးအပါအဝင်ဖြစ်ပြီး ပြည်ပဝင်ငွေရှာဖွေပေးသော သီးနှံအမျိုးအစား တစ်မျိုးလည်းဖြစ်သည်။ ပန်းနှမ်းသည် သမပိုင်းဒေသ သီးနှံအမျိုးအစား ဖြစ်သော်လည်း အပူပိုင်းဒေသ၌လည်း စိုက်ပျိုးဖြစ်ထွန်းသည့် အပင်ဖြစ်သည်။
ပန်းနှမ်းပင်၏အရွက်များ ဝါ၍ခြောက်သွေ့ပြီး အစေ့များရင့်မှည့်လာချိန်တွင် ရိတ်သိမ်းရသည်။ ထို့နောက် စိုက်ခင်းထဲတွင် နှစ်ရက်၊ သုံးရက်ကြာ နေလှန်းပြီး တလင်းသို့သယ်ယူ နင်းနယ်ခြွေလှေ့ကာ ပန်းနှမ်းစေ့များကို ခြောက်သွေ့အောင်နေလှန်း၍ အိတ်ဖြင့် စနစ်တကျ သိုလှောင်ရသည်။
တစ်ဧကစိုက်ပျိုးလျှင် ဆီ ၄၂ ပိဿာကျော်ခန့်ရရှိ
ပန်းနှမ်းသီးနှံသည် အပူဒဏ်ကို ခံနိုင်ရည်ရှိသကဲ့သို့ အစိုဓာတ်များလွန်းသည့် အခြေအနေတွင်လည်း အခြားဆီထွက် သီးနှံများထက် ပိုမိုခံနိုင်ရည်ရှိပြီး ရာသီဥတုကြောင့် အထွက်နှုန်းကို များစွာထိခိုက်ခြင်း မရှိသည့်သီးနှံဖြစ်သည်။ တစ်ဧကလျှင် ခုနစ်တင်းမှ ၁၂ တင်းခန့်အထိ ထွက်ရှိ၍ အစေ့တစ်တင်းမှ ဆီခြောက်ပိဿာခန့် ရရှိနိုင်သဖြင့် တစ်ဧကစိုက်ပျိုးလျှင် ဆီ ၄၂ ပိဿာကျော်ခန့် ရရှိနိုင်သည်။ ထို့ပြင် ပန်းနှမ်းဆီကြိတ်ဖတ်များကိုလည်း တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သည်။
ပန်းနှမ်းပင်သည် သီးသန့်စိုက်ခင်းဖြင့် စိုက်ပျိုးနိုင်သကဲ့သို့ မိုးသီးနှံများ ရိတ်သိမ်းပြီးချိန်တွင် သီးထပ် အဖြစ်လည်း စိုက်ပျိုးနိုင်သည်။ နေ့တာတို (အလင်းရောင်များစွာမလိုသော) သီးနှံဖြစ်သည့်အတွက် ဥယျာဉ်ခြံများ၊ ရော်ဘာကဲ့သို့ နှစ်ရှည်ပင်များအကြားတွင် ကြားသီးနှံ (သီးညှပ်)အဖြစ်လည်း စိုက်ပျိုးနိုင်သည်။
ပန်းနှမ်းသည် စားသုံးဆီအဖြစ်သာမက တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သလို ပြည်ပဝင်ငွေရှာဖွေပေးနိုင်သည့် သီးနှံအဖြစ်လည်း စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ ပြည်တွင်း စားသုံးဆီဖူလုံမှုကို အထောက် အကူပြုစေနိုင်သလို တစ်ဖက်တစ်လမ်းမှ ပြည်ပဝင်ငွေ ရှာဖွေပေးနိုင်သည့် သီးနှံတစ်ခုဖြစ်သည့်အတွက် တိုးချဲ့စိုက်ပျိုးရန် တိုက်တွန်း ရေးသားလိုက်ရပါသည်။