၂၇ ဇွန်
ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော်တွင် ယနေ့မနက်ပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သဖြင့် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ SANA က သတင်းဖော်ပြထားသည်။
ဒမတ်စကတ်မြို့တော် အနောက်ပိုင်း Mazzeh အဝေးပြေးလမ်းမပေါ် ကားတစ်စီးဖြတ်မောင်းသွားစဉ် ထိုပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုဖော်ပြချက်တွင်တွေ့ရသည်။ ယင်းပေါက်ကွဲမှုသည် ကြောက်မက်ဖွယ် လုပ်ရပ်တစ်ခု ဖြစ်သည်ဟု ထပ်လောင်းဖော်ပြထားသည်။
ထိုပေါက်ကွဲမှုသည် ဒမတ်စကတ်မြို့တော်တွင် တတိယအကြိမ်မြောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန်၁၅ ရက်နေ့က ဒမတ်စကတ်အနောက်ဘက် တပ်စခန်းတစ်ခုအတွင်း မတော်တဆ မီးလောင်ကျွမ်းမှုကြောင့် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၂၀ ရက်နေ့က ဒမတ်စကတ်မြို့တော် တောင်ပိုင်းအဝေးပြေးလမ်းမကြီးတွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည်။ ဒမတ်စကတ်မြို့တော်အနောက်ဘက် Daraya မြို့ဆင်ခြေဖုံးတွင် သူပုန်များကျန်ခဲ့သောပစ္စည်းများမှ ပေါက်ကွဲပစ္စည်းတစ်ခုဖြစ်ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ SANA က ဆိုသည်။
သို့သော်ငြားလည်း Mazzehအဝေးပြေး လမ်းမတွင် ယနေ့ပေါက်ကွဲမှုဖြစ်ပွားသည့် အကြောင်းရင်းကိုမူ ယခုထိရှင်းရှင်းလင်းလင်းမသိရသေးဟု ဖော်ပြထားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို