ဆီးရီးယား အစိုးရတပ်ဖွဲ့များက နိုင်ငံအနောက်မြောက်ပိုင်းရှိ သူပုန်များ၏ အမာခံခြေကုပ်စခန်းတစ်ခုကို လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့ရာ အရပ်သားများစွာ သေဆုံးခဲ့သည်။
ဆီးရီးယားနိုင်ငံရှိ သူပုန်များ၏ နောက်ဆုံးခြေကုပ်စခန်းဖြစ်သည့် အိုက်ဒလစ်ပြည်နယ်ရှိ မြို့ကြီးများကို သမ္မတ ဘာရှားအယ်လ်အာဆတ်၏ လက်နက်ကိုင်တပ်ဖွဲ့များက အပြင်းအထန် တိုက်ခိုက်ခဲ့သည်။
အမျိုးသမီးများနှင့်ကလေးများအပါအဝင် လူပေါင်း ၄၃ဦးသေဆုံးခဲ့ပြီး ၁၀ဝကျော်ဒဏ်ရာရရှိခဲ့ကြောင်း ဗြိတိန် အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ကြေညာသည်။
အပျက်အစီးများထဲက ကလေးတစ်ဦးဆွဲထုတ်နေပုံကို ဗီဒီယိုဖိုင်က ပြသခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံဈေးများနှင့် လူနေအိမ်များ ပျက်စီးခဲ့ကြောင်း လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။
ဗုံးကြဲတိုက်ခိုက်မှုကို ပိတ်ပင်ထားသည့် ရုရှားနိုင်ငံနှင့်တူရကီနိုင်ငံတို့အကြား ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သော်လည်း ဧပြီလနှောင်းပိုင်းမှစပြီး ရုရှားနိုင်ငံထောက်ခံမှုဖြင့် အာဆတ် တပ်ဖွဲ့များက ၎င်းကို ဆန့်ကျင်နေသည့် အဖွဲ့များကို အဓိကထားပြီး ထိုးစစ်ဆင်နွှဲခဲ့သည်။ တူရကီနိုင်ငံမှ အဆိုပါ သူပုန်များကို ထောက်ခံခဲ့သည်။
သဘောတူညီချက်အရ အိုက်ဒလစ်နှင့် အနီးအနားဒေသတွင် စစ်မဲ့ဇုန်တစ်ခု သတ်မှတ်ရန်နှင့် အပစ်အခတ်ရပ်စဲရေးပြဋ္ဌာန်းရန် ကြိုးပမ်းခဲ့သည်။
တိုက်ခိုက်မှုများရပ်တန့်ရပ်အတွက် ဆီးရီးယားအစိုးရနှင့် အခြားပါတီများကို တိုက်တွန်းထားပြီး အိုက်ဒလစ်နှင့် ၎င်းပတ်ဝန်းကျင်ဒေသများ၌ ကလေးငယ်သုံးသန်းမှာ အန္တရာယ်အောက်ကျရောက်နေကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။
သို့သော်လည်း အာဆတ်အစိုးရက အကြမ်းဖက်သမားများကို ဆက်လက်တိုက်ခိုက်မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်