ဒမတ်စကတ်၊ စက်တင်ဘာ ၉

 

ဆီးရီးယားနိုင်ငံအလယ်ပိုင်း ဟာမာပြည်နယ် မက်စ်ရပ်ဖ်မြို့ရှိ စစ်စခန်းများကို အစ္စရေးတပ်ဖွဲ့၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားလေးဦး အပါအဝင် ၁၈ ဦး သေဆုံးကြောင်း  သတင်းများတွင်ဖော်ပြသည်။ လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးသူ  ၁၈ ဦးထက်မနည်းရှိပြီး   အရပ်သား   လေးဦး၊ ဆီးရီးယားတပ်ဖွဲ့မှ   အရာရှိရှစ်ဦးနှင့် အမည်မသိရသေးသူ ခြောက်ဦးရှိကြောင်း  ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့က ပြောသည်။

 

တိုက်ခိုက်မှုများသည် မက်စ်ရပ်ဖ်မြို့ရှိ သိပ္ပံသုတေသနစင်တာနှင့် အယ်လ်ဇာဝီဧရိယာရှိ အခြားနေရာနှစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာရေးအဖွဲ့ကပြောသည်။ အဆိုပါနေရာများတွင် မီးလောင်မှုများကြောင့် အကြီးအကျယ်ပျက်စီးသွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများသည် အနောက်မြောက်ဘက် ဘာနီရပ်စ် ကမ်းရိုးတန်းအနီးရှိ နေရာတစ်ခုကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

 

တိုက်ခိုက်မှုများကြောင့် မက်စ်ရပ်ဖ် ဝါဒီအယ်လ် အိုယွန်း အဝေးပြေးလမ်းမကြီး အကြီးအကျယ်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြုပြင်မှုများ လုပ်ဆောင်နေချိန်တွင် အနီးနားရှိ ကျေးရွာများမှတစ်ဆင့် ယာဉ်လမ်းကြောင်း လွှဲပေးထားကြောင်း ဒေသခံမီဒီယာက ဆိုသည်။

 

အစ္စရေးသည် ၂၀၂၄ ခုနှစ် အစပိုင်းမှစတင်၍ လေကြောင်းတိုက်ခိုက်မှု ၄၇ ကြိမ်နှင့် မြေပြင်ချေမှုန်း တိုက်ခိုက်မှု ၁၇ ကြိမ်အပါအဝင် တိုက်ခိုက်မှု ၆၄ ကြိမ်ပြုလုပ်ခဲ့ပြီး လက်နက်သိုလှောင်ရုံများနှင့် စစ်ဘက်ဆိုင်ရာ နေရာများကဲ့သို့သော ပစ်မှတ် ၁၃၈ ခုကို ဖျက်ဆီးခဲ့ကြောင်း စောင့်ကြည့်လေ့လာရေး အဖွဲ့က မှတ်ချက်ပြုသည်။

 

ဆင်ဟွာ