ဒမတ်စကတ်  ၂၈  ဧပြီ

ဆီးရီးယားနိုင်ငံ မြို့တော်ဒမတ်စကတ် အစွန်အဖျား၌ အစ္စရေး၏ ဒုံးကျည်တိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့ပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆာနားသတင်း အေဂျင်စီက ဖော်ပြသည်။

အစ္စရေးဘက်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်များ ဒမတ်စကတ်မြို့စွန်ရှိ ဟာဂျီရာနှင့် အက်ဒလီရက်ရှိ နေအိမ်များပေါ်သို့ ကျရောက်ထိမှန်ခဲ့မှုကြောင့် အရပ်သားသုံးဦး သေဆုံးကာ ကလေးငယ်တစ်ဦးအပါအဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အစ္စရေးက ဒုံးကျည်များကို အရုဏ်တက်ချိန်တွင် လက်ဘနွန် လေပိုင်နက်အတွင်းမှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆာနားသတင်းက ဖော်ပြသည်။ ပစ်ခတ်လိုက်သည့် ဒုံးကျည်အများအပြားကို ဆီးရီးယားလေကြောင်း ကာကွယ်ရေးစနစ်က ပစ်မှတ်များဆီသို့ မရောက်မီ ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

အစ္စရေးသည် ဆီးရီးယားစစ်ပွဲအတွင်း ဒုံးကျည်တိုက်ခိုက်မှု အများအပြားကို လုပ်ဆောင်ခဲ့ပြီး ယင်းတိုက်ခိုက်မှုများမှာ ဆီးရီးယားနိုင်ငံအတွင်းရှိ အီရန်ပစ်မှတ်များကို တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း အကြောင်းပြချက်ပေးခဲ့သည်။

ဆင်ဟွာ