ဒမတ်စကတ်၊ ဇွန် ၃
တနင်္လာနေ့ သန်းခေါင်ကျော် နောက်ပိုင်းတွင် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ် ကို အစ္စရေးက လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အီရန်လိုလားသော ပြည်သူ့စစ် ၁၂ ဦး သေဆုံးကြောင်း ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။
ဆီးရီးယားနှင့် ဆီးရီးယား မဟုတ်သော နိုင်ငံသားများဖြင့် ဖွဲ့စည်းထားသော အဆိုပါ ပြည်သူစစ်အဖွဲ့သည် အလက်ပိုမြို့ ဝန်းကျင်တွင် သိသိသာသာလှုပ်ရှားလျက်ကြောင်း ၎င်းအဖွဲ့ကပြောသည်။ အဆိုပါ တိုက်ခိုက်မှုများမှာ အဓိကအားဖြင့် အလက်ပိုမြို့ အနောက်မြောက်ဘက် ဟေယန်မြို့ အလက်ပိုကျေးလက် ဒေသရှိ နေရာများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့အနှံ့ ပေါက်ကွဲသံများ ကြားရကြောင်း၊ လွန်ခဲ့သည့်လ နောက်ပိုင်း ဆီးရီးယားတွင် လက်ဘနွန်ဟစ်ဘိုလာနှင့် အီရန်ပြည်သူ့စစ်များ ထိန်းချုပ်ထားသော နေရာများကို အစ္စရေး၏ တိုက်ခိုက်မှုမြှင့်တင်ခြင်း တစ်စိတ် တစ်ပိုင်းအဖြစ် အဆိုပါတိုက်ခိုက်မှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ဆီးရီးယားလူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က မှတ်ချက်ပြုပြောသည်။
ဆီးရီးယား ကာကွယ်ရေး ဝန်ကြီးဌာနကလည်း အလက်ပိုအနီး နေရာအများအပြားကို ပစ်မှတ်ထားကာ အစ္စရေး၏ ရန်လိုသော တိုက်ခိုက်မှုအတွင်း လူပေါင်းများစွာ သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။
ဆင်ဟွာ