စက်တင်ဘာ ၈

 

ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလက်ပိုမြို့တွင် ယမန်နေ့က အထပ်ငါးထပ်ရှိ လူနေအဆောက်အအုံ တစ်လုံးပြိုကျခဲ့သဖြင့် လူ ၁၀ ဦး ထက်မနည်းသေဆုံးခဲ့သည်ဟု နိုင်ငံပိုင်သတင်းအေဂျင်စီ အက်စ်အေအင်န်အေက သတင်းဖော်ပြထားသည်။

 

အယ်လ်ဖာဒတ်ရပ်ကွက်ရှိ ထိုအဆောက်အအုံပြိုကျအပျက်အစီးများအောက်တွင် အမျိုးသမီးခြောက်ဦး၊ ကလေးသုံးဦးနှင့် အမျိုးသားတစ်ဦးတို့ပိမိပြီး သေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

 

အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးကိုကယ်ဆယ်နိုင်ခဲ့ပြီး  ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

 

အဆိုပါပြိုကျအဆောက်အအုံသည် တာဝန်ရှိသူများ၏ခွင့်ပြုချက်မရှိပဲ တရားမဝင်ဆောက်လုပ်ထားခြင်းဖြစ်သည်ဟူသော တာဝန်ရှိသူများ၏ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။

 

စစ်ပွဲများအတွင်း ပျက်စီးမှုများပြားခဲ့သည့် အလက်ပိုမြို့တွင် ပြန်လည်နေထိုင်သူအချို့သည် ပျက်စီးနေသည့် သို့မဟုတ် တစ်စိတ်တစ်ပိုင်းပြင်ဆင်ထားသည့်အဆောက်အဦများတွင် နေထိုင်ကြခြင်းသည် ယခုကဲ့သို့ဝမ်းနည်းဖွယ်ကောင်းသည့် မတော်တဆမှုများကို ဖြစ်ပေါ်လာစေသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို