ဒမတ်စကတ် မတ် ၉
ဆီးရီးယားနိုင်ငံ၌ ကြားဖြတ်အစိုးရတပ်များနှင့် ဖြုတ်ချခံရသောသမ္မတ ဘာရှာအယ်လ်အာဆတ်ကို ထောက်ခံအားပေးသည့် တိုက်ခိုက်ရေးသမားများကြား တိုက်ပွဲများအတွင်း အရပ်သား ၅၅၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
အာဆတ်အစိုးရ ဖြုတ်ချခံရသည်မှာ သုံးလရှိပြီဖြစ်သည်။ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း လာတာကီယာမြို့နှင့် တခြားဒေသများ၌ မတ် ၆ ရက်ကတည်းက တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောသည်။ အဆိုပါဒေသများရှိ လမ်းမများနှင့် ဆေးရုံအနီးတွင် တိုက်ပွဲများဆက်လက် ဖြစ်ပွားနေကြောင်းလည်း သိရသည်။
သေဆုံးသူများတွင် အမျိုးသမီးများ နှင့် ကလေးငယ်များလည်းပါဝင်ကြောင်း သိရသည်။ ထို့ပြင် တိုက်ခိုက်ရေးသမား ၂၀၀ ကျော် သေဆုံးခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ လက်ရှိ ကြားဖြတ်အစိုးရသည် ဆီးရီးယားနိုင်ငံသားများကြား ပြန်လည်သင့်မြတ်ရေးကို မြှင့်တင်ရင်း နိုင်ငံတည်ဆောက်ရေး ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
သို့သော် ဆီးရီးယားမြောက်ပိုင်း၌ ကာ့ဒ်တပ်ဖွဲ့များနှင့် တခြားအဖွဲ့များကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည့်အတွက် နိုင်ငံတွင်းတည်ငြိမ်မှုကို ပြန်လည် ထိန်းသိမ်းနိုင်မည်လားဆိုသည်မှာ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်