ဆီးရီးယားနိုင်ငံ၌ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ၁၆ ဦး သေဆုံး

ဒမတ်စကတ်၊ မတ် ၁၈

ဆီးရီးယားနိုင်ငံမြောက်ပိုင်း အယ်လ်ရက်ကာ ပြည်နယ်တွင် မတ် ၁၆ ရက်က မြေမြှုပ်မိုင်းတစ်ခု ပေါက်ကွဲခဲ့ရာ အနည်းဆုံး ၁၆ ဦး သေဆုံးခဲ့ကြောင်း စစ်ပွဲစောင့်ကြည့်သူတစ်ဦးက သတင်းထုတ်ပြန်ခဲ့သည်။

ဆီးရီးယားနိုင်ငံ အယ်လ်ကာရက်ပြည်နယ် အရှေ့ပိုင်း ကျေးလက်ဒေသတစ်ခုတွင် လူတစ်စုက မှိုများကို ရှာဖွေနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားသည်။

အဆိုပါ မြေမြှုပ်မိုင်းအား အိုင်အက်စ်အဖွဲ့က ချန်ထားခဲ့သည့် အကြွင်းအကျန်များဟု သံသယရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူများထဲတွင် အမျိုးသမီးကိုးဦးပါဝင်ပြီး ခြောက်ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း ဆီးရီးယားနိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းဗုံးပေါက်ကွဲမှုနှင့် အခြား လက်နက်များကြောင့် သေဆုံးသူ စုစုပေါင်း ၇၄ ဦးရှိကြောင်းလည်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်