ဒမတ်စကတ် ဖေဖော်ဝါရီ ၈
ဆီးရီးယားနိုင်ငံ အနောက်ပိုင်းနှင့် အနောက်မြောက်ပိုင်း ပြည်နယ်အများအပြား၌ ဖေဖော်ဝါရီ ၇ ရက် နှောင်းပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်ရေကြီးမှုကြောင့် လူသေဆုံးမှုများ၊ ဘေးလွတ်ရာ ပြောင်းရွှေ့ရခြင်းများနှင့် အရပ်သားများ နေထိုင်ရာဒေသများ၌ ကြီးမားသည့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ၎င်းတို့၏ အဖွဲ့ဝင်များအား ကြီးမားသည့် တုံ့ပြန်မှုများကို ဆက်လက်လုပ်ဆောင်စေခဲ့ကြောင်း ဆီးရီးယားအရေးပေါ်နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဝန်ကြီးဌာနက ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားသည်။
ဖေဖော်ဝါရီ ၇ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ မိနစ် ၃၀ အထိ လာတာကီယာ၊ အက်ဒ်လက်ဘ်နှင့် ဟာမာ(Hama) ပြည်နယ်တို့၌ မိုးသည်းထန်စွာရွာသွန်းခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း တရားဝင်သတင်းများအရ သိရသည်။
ရုတ်တရက်ရေကြီးမှုကြောင့် မြို့ပြဒေသများ၌ ပျက်စီးမှုများဖြစ်ပေါ်ကာ အက်ဒ်လက်ဘ် အနောက်ပိုင်း နေရပ်စွန့်ခွာ စခန်း ၁၄ ခုရှိ မိသားစု ၃၀၀ ခန့်ကို ထိခိုက်စေခဲ့ကြောင်း သိရသည်။
အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရေကြီးမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့သည့် မိသားစုများကို ကူညီရန် အက်ဒ်လက်ဘ်အနောက်ပိုင်းရှိ ကျောင်းများ၌ ယာယီအမိုးအကာရှစ်ခုကို စီစဉ်ထားကြောင်း သိရသည်။
ဆင်ဟွာ


