ဒမတ်စကတ် ၁ စက်တင်ဘာ

 

စစ်ပွဲဒဏ်ခံ ဆီးရီးယားနိုင်ငံတွင် လူပေါင်း ၂ ဒသမ ၂ သန်းဝန်းကျင်မှာ ငတ်ပြတ်မှု၊ ဆင်းရဲမွဲတေမှုတို့နှင့် ရင်ဆိုင်ရဖွယ် ရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) က ဩဂုတ် ၃၁ ရက်တွင်သတိပေးခဲ့သည်။ ချက်ချင်းအကူအညီများမရရှိလျှင် လူပေါင်း ၂ ဒသမ၂ သန်းမှာ ငတ်မွတ်မှုနှင့် ဆင်းရဲမွဲတေမှုတို့ကြား နစ်မြုပ်သွားနိုင်သည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က တွစ်တာစာမျက်နှာပေါ်တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

ဆီးရီးယားနိုင်ငံတွင် လူပေါင်း ၉ ဒသမ ၃ သန်းမှာ အစားအစာ လုံခြုံစိတ်ချရမှု မရှိခြင်းနှင့်ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂအေဂျင်စီက မေလအတွင်း ပြောကြားခဲ့သည်။

 

ကုန်ဈေးနှုန်းများ ကြီးမြင့်ခြင်းနှင့် ကိုဗစ် - ၁၉ ရောဂါကြောင့် အခြေအနေ ပိုမိုဆိုးရွားစေသည်။ ဆီးရီးယား နိုင်ငံသားအများစုမှာ ဆင်းရဲမွဲတေမှုတွင် ရှင်သန်နေထိုင်နေရပြီး အစားအစာ ဈေးနှုန်းများမှာလည်း ယခင်နှစ်က ထက် နှစ်ဆမြင့်တက်သွားသည်ဟု ကုလသမဂ္ဂက ပြောသည်။

 

တစ်ချိန်တည်းမှာပင် ဆီးရီးယားအစိုးရ ထိန်းချုပ်ထားသောနေရာများတွင် လောင်စာပြဿနာနှင့် ငွေကြေးတန်ဖိုး ကျဆင်းခြင်းများနှင့် ကြုံတွေ့နေရသည်။ ဆီးရီးယားနိုင်ငံ၏ စီးပွားရေးတွင် ရုန်းကန်ရခြင်းမှာ အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုပြစ်ဒဏ်များကြောင့်ဖြစ်သည်ဟု ဆီးရီးယားအစိုးရ က ပြောသည်။

 

သို့သော်လည်း ဆီးရီးယားနိုင်ငံ စီးပွားရေးအကျပ်ရိုက်ရခြင်းမှာ အိမ်နီးချင်းလက်ဘနွန်နိုင်ငံ၏ ဘဏ္ဍာရေး အကျပ်အတည်းနှင့်လည်း သက်ဆိုင်မှုရှိသည်ဟု သုတေသီများက ထောက်ပြကြသည်။ ၂၀၁၁ ခုနှစ်က စတင်ခဲ့သည့် ဆီးရီးယားပဋိပက္ခအတွင်း လူပေါင်း ၃၈၀၀၀၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်းသန်းနှင့်ချီ၍ နေရပ်စွန့်ခွာမှုများ ဖြစ်ပေါ်ခဲ့ရသည်။

 

အေအက်ဖ်ပီ