၂၈ ဇွန်
ဆီးရီးယားအနောက်မြောက်ပိုင်း Idlib ပြည်နယ်ရှိ တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း အရပ်သားများ ပိတ်မိမှုနှင့် ပတ်သက်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့အစည်းက ကမ္ဘာအနှံ့ မီးမောင်းထိုးပြခဲ့သည်။
ပြီးခဲ့သည့် ဧပြီလနောက်ပိုင်း အစိုးရဆန့်ကျင်သည့် တပ်ဖွဲ့များ ပုန်းအောင်းနေရာဖြစ်သည့် Idlib ပြည်နယ်နှင့် ထိုပြည်နယ် ပတ်ဝန်းကျင်များရှိ ၎င်းတို့၏ နောက်ဆုံးအမာခံနယ်မြေတွင် ဆီးရီးယားသမ္မတ Bashar al-Assad ၏ လက်နက်ကိုင်တပ်များနှင့် ရုရှား တို့ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်။
လူ့အခွင့်အရေးဆိုင်ရာ ဗြိတိန်အခြေစိုက် ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့က ပြီးခဲ့သည့် နှစ်လက ဆီးရီးယားတွင် အရပ်သား ၅၃၂ ဦး ကျော် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ကြေညာထားသည်။ အစွန်းရောက်အုပ်စုများအကြား ပဋိပက္ခ ဖြစ်ပွားမှုတွင် အရပ်သားများ မကြာခဏ ပိတ်မိခဲ့ကြောင်း ဖော်ပြထားသည်။
Idlib ပြည်နယ်ရှိ ကလေးဦးရေ တစ်သန်း အပါအဝင် အရပ်သား သုံးသန်းမှာ ဘေးအန္တရာယ် ရှိနေသည်ဟု ၎င်းတို့က ဆိုသည်။ လူအများအပြား သေဆုံးခဲ့ကြကြောင်း ပြောဆိုကာ ဆေးရုံများ ၊ စာသင်ကျောင်းများနှင့် ဈေးနေရာများ တိုက်ပွဲဖြစ်ပွားမှုအပေါ် ၎င်းတို့က ကန့်ကွက်ရှုတ်ချခဲ့ကြသည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို