ဒမတ်စကတ် ၂၉ ဇွန် 

 

ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ တူရကီစစ်စခန်းများကို ဆီးရီးယားအစိုးရတပ်ဖွဲ့ များက ဇွန် ၂၇ ရက်တွင် အမြောက်များဖြင့် ပစ်ခတ်မှုကြောင့် တူရကီစစ်ဘက်မှ စစ်သည်တစ်ဦး သေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယား ပြည်တွင်းစစ်စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ဖွဲ့က ပြောကြားသည်။

 

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဟားမားပြည်နယ်မှ ရှီယာမာ ဂရမ်မြို့တွင်းရှိ တူရကီစစ်ဘက်မှ အကဲကြည့်စခန်းတစ်ခုအား ဇွန် ၂၇ ရက်တွင် ဆီးရီးယားအစိုးရတပ်ဖွဲ့က အမြောက်များဖြင့် သုံးကြိမ်ပစ်ခတ်ခဲ့ ကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားသည်။

 

ဇွန် ၂၇ ရက် ညနေပိုင်းက အမြောက်ဖြင့် ပစ်ခတ်မှုကြောင့် တူရကီ စစ်သည်တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူသုံးဦးအနက် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း အဆိုပါအဖွဲ့က ပြောကြားသည်။

 

၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းက တူရကီနှင့် ရုရှားနိုင်ငံတို့အကြား သဘောတူညီမှုရခဲ့သော တင်းမာမှုလျှော့ချဇုန်တည်ထောင်ရေးစာချုပ်အရ တူရကီစစ်ဘက်မှ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းဒေသတွင် စောင့်ကြည့်လေ့လာ ရေးစခန်းအချို့ကို ချထားခဲ့ခြင်းဖြစ်သည်။

 

ယင်းတင်းမာမှုလျှော့ချရေးဇုန်အတွင်းရှိ အယ်လ်ခိုင်ဒါအဖွဲ့နှင့် ဆက်နွှယ်မှုရှိသည့် ဆီးရီးယားသူပုန်များက သဘောတူညီချက်များကို လိုက်နာ ခြင်းမရှိမှုကြောင့် ဆီးရီးယားအစိုးရတပ်ဖွဲ့များက လွန်ခဲ့သည့် နှစ်လကျော် ကာလကတည်းကပင် အီဒလစ်နှင့် ဟားမားပြည်နယ်အတွင်းရှိ ယင်းသူပုန်အဖွဲ့ စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်ထားခဲ့ခြင်း ဖြစ်သည်။

 

ဆင်ဟွာ